ရေဦးမြို့ပေါ်မှာ စစ်ကောင်စီ၏ တပ်သားသစ် စုဆောင်းရေးကြောင့် လူငယ်များထွက်ပြေးနေရတယ်လို့ပြော
6 May 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်များမှ တပ်သားစုဆောင်းရန် လူငယ်များကို ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေတယ်လို့ People’s Defense Comrade အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်များဟာ ဧပြီလ ၂၉ ရက်နေ့မှစတင်ကာ တပ်သားသစ်စုဆောင်းမှုများစတင်လုပ်ဆောင်ခဲ့ပြီး ယနေ့အချိန်ထိ ပေါ်တာဆွဲခံရသူ အမျိုးသားဦးရေ ၇၀ ထက်မနည်း ရှိပြီဖြစ်ကြောင်လည်း ပြောပါတယ်။
“စစ်မှုတမ်းမယ့် စာရင်းတွေက ကောက်ထားပြီးပြီ၊ ပုံမှန်အတိုင်းဆို မဲနှိုက်ရတာ။ အခုက ညအချိန်မတော် နေအိမ်တံခါးတွေကိုပါဖျက်ပြီးဝင်ဆွဲတာ။ သတ်မှတ်ထားတဲ့အသက်ပြည့်ပြီးသူတွေရော အသက် ၄၀ ကျော် အိမ်ထောင်သည်တွေပါ ဝင်ဆွဲတာ။”လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်များက ရေဦးမြို့ပေါ်ရပ်ကွက်များမှာ ဧပြီလ၂၉ ရက်နေ့က ၂၈ ဦး၊၃၀ ရက်နေ့က ၉ ဦးနဲ့ မနေ့ မေ ၅ ရက်နေ့က ၃၀ ထက်မနည်း ဖမ်းဆီးခဲ့တယ်လို့လည်းပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်များဟာ မေလ ၂ ရက်နေ့က ရေဦးမြို့အနီး ကျေးရွာများဖြစ်တဲ့ ရေဦးကုန်း၊ ကြာပန်းညိုနဲ့ သံသည်ရွာတို့ကို စစ်ကြောင်းထိုးပြီး ပြည်သူေတွကို ဝင်ရောက်ဖမ်းဆီးရန် ကြိုးဖမ်းခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်များဟာ ဖမ်းဆီးခံပြည်သူတွေကို ရေဦး အ.ထ.က ကျောင်းထဲထားပြီး မိသားစုနဲ့ တွေ့ခွင့်မပေးဘဲ မုံရွာ စစ်လေ့ကျင့်ရေးကျောင်းထဲသို့ ရဟတ်ယာဉ်နဲ့ ပို့ဆောင်မှာဖြစ်ကြောင်းလည်း သိရပြီး မြို့ပတ်လည်မှာလည်း လုံခြုံရေးတိုးမြင့်စွာချထားကြောင်း ပြောပါတယ်။
“ဒီရက်ပိုင်း ရဟတ်ယာဉ် ဆင်းမယ်လို့ကြားနေတယ်။ ကုန်းလမ်းက သွားမရတော့တဲ့အတွက်ကြောင့် ဖမ်းဆီးခံရတဲ့သူတွေကို ရဟတ်ယာဉ်နဲ့ပဲ သယ်မှာထင်တယ်။”လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်များက ရေဦးမြို့ပေါ်မှာ နေ့ရောညပါ တပ်သားသစ် အတင်းအဓမ္မစုဆောင်းမှု လုပ်ဆောင်နေတဲ့အတွက် လူငယ်ေတွ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရပါတယ်။