မိုးတားလေးမှာ မိုးကြိုးပစ်၍ လူတစ်ဦးနှင့် နွားလေးကောင် သေဆုံး
7 May 2024 – Kachinwaves
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာ တဖက်ကမ်းရှိ ဂျပန်ကျွန်းစုကျေးရွာတွင် မိုးကြိုးပစ်ပြီး နွားလေးကောင်နှင့် အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၅ ရက် ညနေ ၇ နာရီအချိန်ခန့်တွင် လယ်တောထဲမှ လှည်းဖြင့် မြေပဲအိတ်များတင်ဆောင်ကာ ရွာပြန်လာသည့်လမ်းတွင် မိုးကြိုးစက်ကွင်း ထိမှန်သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ညနေ ၇ နာရီလောက်မှာဖြစ်တာ၊ ဒီအချိန်က ပဲကောက်ချိန်ဆိုတော့ ကောက်ပြီးသား ပဲအိတ်တွေကို လှည်းနဲ့တိုက်လာတာ၊ နွားနှစ်ကောင်ကို လှည်းနောက်မှာချည်ပြီး ကျန်နှစ်ကောင်ကတော့ လှည်းမှာတပ်လာတာပေါ့။ ပိုင်ရှင်က လှည်းမောင်းလာချိန် မိုးကြိုးစက်ကွင်းထိမှန်ခဲ့တာ”ဟု ပြောသည်။
သေဆုံးခဲ့သူမှာ အသက် ၃၉ နှစ်အရွယ် ဦးမိုးဟိန်းထွန်း ဆိုသူဖြစ်ပြီး ရှေ့နွားနှစ်ကောင်နှင့် နောက်နွားနှစ်ကောင် စုစုပေါင်း နွား ၄ ကောင်လည်း သေဆုံးခဲ့ကြောင်း ပြောသည်။
မေလ ၃ ရက်နေ့ကလည်း ကချင်ပြည်နယ် မိုးကောင်းမြို့ ဆားမှော်ကျေးရွာတွင် မိုးကြိုးပစ်ပြီး နွား ၂၄ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။