စဉ့်ကူးမြို့နယ်တွင် လမ်းပေါ်ထွက်နေလာသည့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးသည်ဟုဆို
4 May 2024 – Kachinwaves
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွင် လမ်းပေါ်ထွက်နေသည့် ပျူစောထီးများ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က စဉ့်ကူးမြို့နှင့် ၁ မိုင်အကွာမှာရှိသည့် ကြို့ပင်ရွာနှင့် မင်းကုန်းရွာကြား လမ်းမပေါ်ထွက်လာသည့် ပျူစောထီး ၁၀ ယောက်ခန့်ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။
“စဉ့်ကူးမြို့ ရွှေကူကြီးဘုရားမှာ အထိုင်ချနေတဲ့ ပျူအဖွဲ့ပါ ရွာသစ်ကြီးရွာဘက်အသွားမှာ ကြို့ပင်နဲ့ မင်းကြီးကုန်းရွာကြား တိုက်ခံရတာ နှစ်ဖက်ပစ်ခတ်မှုရှိခဲ့တယ်။”လို့ အဆိုပါသတင်းရင်းမြစ်က ဆိုသည်။
ပစ်ခတ်မှုအပြီး ပျူစောထီးဘက်က ၅ ဦးသေဆုံးခဲ့ပြီး စဉ့်ကူးမြို့ထဲမှာလည်း နာရေးကားများ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာသို့ ထွက်ခွာသွားကြောင်း အသက် ၃၀ နှစ်ကျော်အရွယ် စဉ့်ကူးမြို့ခံ အမျိုးသားတစ်ဦးက ပြောပြသည်။
ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းအချိန်ကလည်း စဉ့်ကူးမြို့နယ်နှင့် ကျောက်မြောင်းမြို့နယ် လမ်းပိုင်းမှာ ဂိတ်ချပြီးငွေတောင်းနေသည့် ပျူစောထီးများကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။