လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်လာပြီးမှ ပြန်ဖမ်းခံရတဲ့ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကို နေအိမ်သို့ အမြန်ဆုံး ပြန်ရောက်စေလိုကြောင်း KBC ထုတ်ပြန်
3 May 2024 – Kachinwaves
မြန်မာနှစ်ဆန်း ၁ ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အဲဒီနေ့ညမှာပဲ ပြန်လည်ဖမ်းဆီးသွားတဲ့ကိစ္စနဲ့ ပက်သက်ပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) က သဘောထား ထုတ်ပြန်ချက် ဒီကနေ့ မေလ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်သည် အသက်အရွယ်ရလာပြီး ဆေးဝါးကုသမှု ခံရယူရမယ့်သူဖြစ်တဲ့အတွက် မိသားစုနေအိမ်သို့ အမြန်ဆုံးပြန်လည်ရောက်ရှိလာရန် မျှော်လင့်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဧပြီ ၁၇ ရက်နေ့ ည ၉ နာရီခွဲအချိန်လောက်မှာ စစ်ကောင်စီက ပြန်လည်ခေါ်ဆောင်သွားတာဖြစ်ပြီး လက်ရှိချိန်ထိ ပြန်လည်လွတ်ပေးခြင်း မရှိသေးကြောင်း ပါရှိပါတယ်။
သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က ထိုင်းနိုင်ငံကို ဆေးကုသွားဖို့ သွားနေစဉ် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးသွားခဲ့ပြီးနောက် KIO/KIA နဲ့ NUG ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ကိစ္စ၊ လူငယ် ဆွေးနွေးပွဲတစ်ခုမှာ နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ အသုံးနှုန်းတွေ ပြောဆိုမှုတွေနဲ့ စွပ်စွဲတရားစွဲခံရပြီး ပြစ်ဒဏ်ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။