မိုးမိတ်နှင့် မဘိမ်းမြို့တွင် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ABSDF လုပ်ဆောင်နေ
3 May 2024 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နှင့် မဘိမ်းမြို့နယ်တွင် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ပညာပေးခြင်းနှင့် နှိမ်နင်းမှုများကို လုပ်တောင်နေကြောင်း မြန်မာနိုင်ငံလုံး ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) စစ်ကြောင်း ၂ (ABSDF Column-2) အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာကာ က ပြောသည်။
ABSDF Column-2 လှုပ်ရှားသွားလာသည့် နယ်မြေများနှင့် ထိစပ်နေသော နယ်မြေများတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အတတ်နိုင်ဆုံး ပညာပေးလုပ်ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားမှုများကို တားဆီးနှိမ်နင်းမှုများကို လုပ်ဆောင်နေကြောင်း ပြောပါသည်။
“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ အလျဥ်းသင့်ရင်သင့်သလို လုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ နယ်မြေတွေမှာဆို ပြည်သူလူထုကို ပညာပေးတာတွေ သတင်းပေးတိုင်တန်းလာလို့ရှိရင်လည်း ဖြန့်ဖြူးရောင်းချနေတဲ့သူတွေကို သွားရောက်ဖမ်းဆီးတာတွေ၊ အရေးယူတာတွေ လုပ်ပါတယ်။ အသေးအမွှားလေးတွေဆိုလည်း ခဏခဏပဲ ဖမ်းမိတာတွေရှိတယ်။”ဟု ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းဒေသတွင် ကျောင်းသားတပ်မတော် စစ်ကြောင်း – ၂ (ABSDF Column – 2) ရောက်ရှိပြီးနောက် စစ်ရေးရည်မှန်းချက်နှင့်အတူ မူးယစ်ဆေးဝါး ပပျောက်ရေးပါ လုပ်ဆောင်နေသည့်အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲမှုများ အတော်လေး လျော့ကျသွားသည်ဟု ရဲဘော်အာကာ က ပြောသည်။
“မူးယစ်ဆေးဝါးတွေတော့ ကျွန်တော်တို့ ရောက်လာပြီးနောက် အတော်လေးလျှော့ကျ သွားပါတယ်။ အနည်းအကျဉ်းတော့ ကျန်သေးတာပေါ့။ တချို့ ဒီဘက်က တောထဲက ဈေးဆိုင်တွေဆို ကော်ဖီမစ်ရောင်းတဲ့ ပုံစံမျိုး မုန့်ဆိုင်ဖွင့်တဲ့ ပုံစံမျိုးဖွင့်ပြီး အဓိကက မူးယစ်ဆေးတွေ ရောင်းနေတာပေါ့။ ဒီ WY တွေ၊ ဘိန်းဖြူတွေ၊ ခပ်ပုံတွေပေါ့၊ ရောင်းနေတာတွေ အဲ့တာတွေဆိုလည်း အခုတော်တော်များများ အဲ့လိုဆိုင်တွေ မရှိတော့ဘူး။ ရောင်းတာတွေရော သုံးစွဲသူတွေရော တော်တော်လေး လျော့ကျလာပါတယ်။”ဟု ဆိုသည်။
ဧပြီလ ၂၄ ရက်နေ့ကလည်း မိုးမိတ်နှင့် မဘိမ်းနယ်စပ် ရွှေလီမြစ်ရိုးတစ်လျှောက်တွင် မူးယစ်ဆေးဝါး ရောင်းနေသည်ဟု သတင်းရရှိ၍ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့၍ ဖမ်းမိခဲ့သော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကာ ရောင်းဝယ်သူ ၂ ဦးကိုလည်း အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မိုးမိတ်မြို့နှင့် ထိစပ်နေသော မဘိမ်းမြို့သည် ဇန်နဝါရီလ ၂၁ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော်) (AA) နှင့် ဒေသခံ တော်လှန်ရေးတပ်တို့က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် မြို့ ဖြစ်သည်။