မိုးမောက်မြို့မှာ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးနှစ်လုံး ကျကွဲခဲ့၊ လူထိခိုက်မှုတော့မရှိ
25 April 2024 – Kachinwaves
ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးနှစ်လုံး ကျကွဲတဲ့ဖြစ်စဉ် မနေ့ကမွန်းတည့် ၁၂ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မိုးမောက်မြို့၊ အလင်းကောင် (Alen Kawng) ရပ်ကွက်မှာရှိတဲ့ မန္တလေး ပရိယတ္တိစာသင်တိုက်က ကျောင်းဆောင်နှစ်ဆောင်အပေါ်ကို လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင်အမိုးတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါကျောင်းတိုက်မှာ မိုးမောက်မြို့က စစ်ရှောင်အယောက် ၂၀၀ ခိုလှုံနေကြပြီး မနေ့က လက်နက်ကြီးကျတဲ့ ဖြစ်စဉ်မှာတော့ ထိခိုက်သူမရှိဘူးလို့ သိရပါတယ်။
ဒါပေမဲ့ မိုးမောက်မြို့တွင်းမှာ နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ အခြေအနေတွေကြောင့် လုံခြုံမှုမရှိတဲ့အတွက် အဆိုပါကျောင်းတိုက်က စစ်ရှောင် ၁၀၀ ကတော့ အခြားနေရာမှာ စစ်ရှောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဧပြီ ၂၂ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေ မိုးမောက်မြို့ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ယခုလက်ရှိ စစ်တပ်က မိုးမောက်မြို့အနှံ့ နေရာယူထားပြီး တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်တဲ့ အခြေအနေကြောင့် မြို့ပေါ်မှာ အိမ်စောင့်ကျန်ခဲ့တဲ့ ဒေသခံတွေပါ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။