လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ ပြည်သူနှစ်ဦးကို သတ်ဖြတ်ပြီး မူးမြစ်ထဲပစ်ချခဲ့
24 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အင်အား ၅၀ ခန့်မှာ ဧပြီ ၁၈ ရက်နေ့က ချီပါရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး လက်နက်ကြီးလက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးသွားကြောင်း နယ်မြေခံ ပကဖ ရဲဘော်တစ်ဦးထံမှ သိရသည်။
လက်နက်ကြီးဖြင့် ၃ ချက် ပစ်ခတ်ခဲ့ရာ ကြာပွေ့ကုန်းကျေးရွာဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၀ နှစ်ကျော်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး နွားတစ်ကောင်လည်း ထိမှန်ခဲ့ကြောင်း ပြောသည်။
“ချီပါကနေ ၃ ချက်လှမ်းပစ်တာ ကြာပွေ့ကုန်ရွာ မြောက်ဘက်က ဘေးလယ်ကွက်ကိုကျတာ အမျိုးသမီးတစ်ယောက်က အပင်ပေါ် ဂွေးတောက်ရွက် တက်ခူးနေချိန် ထိတာ။”ဟု ဆိုသည်။
ထို့ပြင် ချီပါရွာရောက်နေသော စစ်ကောင်စီတပ်များက ဧပြီလ ၂၁ ရက်နေ့ကလည်း ရွှေဘိုမှဆိပ်ခွန်ဘက် ထွက်လာသော ပြည်သူကားတစ်စီးကို ဖမ်းဆီးခဲ့ရာ ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်မောင်းအကူတစ်ဦး သတ်ဖြတ်ခံရပြီး အလောင်းကိုမူးမြစ်ထဲသို့ မျှောချလိုက်ကြောင်းလည်း ပြောသည်။
“မူးမြစ်ထဲ အလောင်းတစ်လောင်း မျှောလာတာ ပုပ်ပွနေပြီ ကျန်တစ်လောင်းကတော့ မတွေ့သေးဘူး။ သေဆုံးသူကတော့ ဘယ်သူဘယ်ဝါလည်းဆိုတာ အခုထိမသိရသေးဘူး။”ဟု ဆိုသည်။
ဧပြီလ ၂၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖွဲ့နှင့် နယ်မြေခံ ပကဖ အဖွဲ့တို့က ၆ လက်ဒရုန်းဖြင့် ၅ ကြိမ်တိတိ ဗုံးသီးချတိုက်ခိုက်၍ ခမရ (၁၁) မှ စစ်ဗိုလ်တစ်ဦးအပါအဝင် အမှတ် (၈) ရွှေဘို လေ့ကျင့်ရေးတပ်မှ စစ်တပ်သား ၃ ဦး၊ စုစုပေါင်း ၄ ဦးသေဆုံးသည်ဟုလည်း ပြောသည်။
ဧပြီလ ၁၈ ရက်နေ့မှ ယနေ့ ၂၄ ရက်နေ့အထိ ချီပါရွာတွင် ၆ ညအိမ် ၇ ရက်တပ်စွဲခဲ့သော စစ်ကောင်စီတပ်များသည် ချီပါတံတား အနောက်ဘက်က ဆန်စက်အဟောင်းအနီးရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းလည်း ပြောသည်။
စစ်ကောင်စီစစ်သား ၃၅ ယောက်သည် ချီပါရွာမှ မင်းကုန်းရွာသို့ ပြန်လည်ဝင်ရောက်သွားပြီး ရွာထဲတွင် ရှိနေသေးကြောင်း ဆက်ပြောသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ချီပါတောင်ရွာ၊ ချီပါမြောက်ရွာ၊ ချီပါရွာသစ်၊ မဲတော၊ လုံးတော်နှင့် ကြာပွေ့ကုန်းရွာများမှ ပြည်သူ ၈၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။