မိုးမောက်တိုက်ပွဲဖြစ်ပွားခဲ့၍ အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
24 April 2024 – Kachinwaves
ဧပြီ ၂၂ ရက်နေ့က မိုးမောက်မြို့တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှတစ်ဆင့် သိရှိရသည်။
ကချင်ပြည်နယ် မိုးမောက်မြို့ ခါနန်ရပ်ကွက်နှင့် အလင်းကောင်ရပ်ကွက်တို့တွင် ဧပြီ ၂၂ ရက်နေ့က စစ်ကောင်စီတပ်နှင့် KIA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အပြန်အလှန် လက်နက်ကြီး ပစ်ခတ်ခဲ့သည့်တိုက်ပွဲတွင် လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့သည်ဟု သိရှိရသည်။
သေဆုံးသူများအနက် အမျိုးသားနှစ်ဦးမှာ ကျောက်စခန်းကျေးရွာမှ မိုးမောက်မြို့ဘက်သို့ စစ်ရှောင်ခိုလှုံလာသူများဖြစ်ကြောင်း သေဆုံးသူများ၏ မိသားစုဝင်တစ်ဦးက ဆိုသည်။
“ရွာကအစ်ကိုနဲ့ မောင်ဝမ်းကွဲ လက်နက်ကြီးမှန်လို့ ဆုံးသွားပြီ။ ကျောက်စခန်းကနေ မိုးမောက်ကို စစ်ရှောင်လာတာပါ။ ထိတာက ၃၊ ၄ ယောက်လောက် ထိတယ်။ ဆုံးတာက ၃ ယောက်ပါ။”
ဗန်းမော် သုညသုခပရဟိတအသင်းကလည်း လက်နက်ကြီးကြောင့် ဇောတိချောင်ရပ်ကွက်မှ အမျိုးသမီး ၁ ဦးသေဆုံးပြီး အလင်းကောင် (Alen Kawng) အောက်ချိုင့်ရပ်ကွက်မှ အမျိုးသား ၂ ဦးသေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
ဒဏ်ရာရသူ ၃ ဦးအနက် နှစ်ဦးမှာ သိမ်းဖျားကျေးရွာမှဖြစ်ပြီး မိုးမောက်မြို့ဘက်သို့ ခရီးသွားရာမှ တိုက်ပွဲကြောင့် လမ်းတွင်ပိတ်မိ၍ လက်နက်ကြီး ကျပေါက်ကွဲမှုကြောင့် တစ်ဦးထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။ နောက်တစ်ဦးမှာ အသေးစားထိခိုက်မှုရရှိခဲ့သည်ဟု ထိခိုက်သူများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“သူငယ်ချင်းရဲ့ အစ်ကိုနှစ်ယောက် မိုးမောက်ကိုသွားတာ။ တိုက်ပွဲဖြစ်ပြီး လမ်းမှာပိတ်မိနေပြီး လမ်းမှာရှိနေတဲ့အချိန် လက်နက်ကြီး အလယ်တည့်တည့်ကျလို့ ၂ ယောက်စလုံးထိတာ။ တစ်ယောက်ကျတော့ တင်ပါးမှာပဲ ထိသွားတာ။”
ယခုလက်ရှိ ဒဏ်ရာရသူ ၃ ဦးမှာ ဗန်းမော်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေကြပြီး တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိသည်ဟု သုညသုခပရဟိတအသင်း၏ ဖော်ပြချက်အရ သိရှိရသည်။
တိုက်ပွဲဖြစ်စဉ် အတောအတွင်း စစ်ကောင်စီတပ်က မိုးမောက်မြို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ ခါနန်ရပ်ကွက်ရှိ စိန့်ဂျွန်ဘုရားကျောင်းရှေ့ ကျရောက်ပေါက်ကွဲခဲ့ရာ လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
ယခုလက်ရှိ မိုးမောက်မြို့တွင် တိုက်ပွဲငြိမ်သက်နေသော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်တပ်က မိုးမောက်မြို့အနှံ့ နေရာယူထားသည်ဟု သိရှိရသည်။