ဆင်ဘိုမြို့စောင့် စခန်းကုန်းကြီးကို ပိတ်ဆို့ထားတာ နှစ်လကျော်လာပေမဲ့ စခန်းသိမ်းနိုင်ခြင်း မရှိသေး
23 April 2024 – Kachinwaves
ကချင်ပြည်နယ် ဆင်ဘိုမြို့အနီးက ခလရ (၁၄၁) စခန်းသိမ်းတိုက်ပွဲ ၂ လကျော်လာပေမဲ့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်းနှင့် လေယာဉ်နှင့် နင်းမိုင်းကြောင့် ထိခိုက်ကျဆုံးမှု ရှိနေကြောင်း သိရပါတယ်။
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မြို့အနီးရှိ စခန်းကုန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဆက်လက်တိုက်ခိုက်နေတာ နှစ်လကျော်လာပြီ ဖြစ်ပါတယ်။
ဆင်ဘိုမြို့နဲ့ ၃ မိုင် ဝန်းကျင် အကွာအဝေးမှာရှိတဲ့ ခလရ (၁၄၁) စစ်ကောင်စီတပ် စခန်းကုန်းကြီးကို ပိတ်ဆို့ထားနိုင်ပေမဲ့ လက်ရှိချိန်ထိ သိမ်းယူနိုင်ခြင်း မရှိသေးဘဲ KIA၊ KPDF နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကျဆုံးမှု အယောက် ၂၀ ကျော်ရှိလာတယ်လို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ဆိုပါတယ်။
“လေယာဉ်နဲ့ နင်းမိုင်းကြောင့်” အကျအဆုံး များရတယ်လို့ ပြောပါတယ်။
ထိခိုက်ကျဆုံးမှု အရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသလို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုလည်း မသိရသေးပါဘူး။
ဆင်ဘိုမြို့ဟာ ဧရာဝတီမြစ် ပထမမြစ်ကျဉ်းရဲ့ မြစ်ညာဘက် ဆယ်မိုင်ကျော်၊ မြစ်ကမ်းဘေးမှာတည်ရှိတဲ့ မြစ်ကြီးနား – ဗန်းမော် ရေးလမ်းကြောင်းပေါ်က မြို့ ဖြစ်ပါတယ်။