ကောလင်းတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၍ အလောင်း ၈ လောင်းတွေ့ရှိပြီး လက်နက်ခဲယမ်းများရရှိ
22 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကောလင်းခရိုင်တပ်ရင်း (၁) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားများ၏ အလောင်း ၈ လောင်းတွေ့ရှိပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ကောလင်းဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့က ကောလင်းမြို့ထဲမှ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်းစီစစ်ကြောင်းကို နံနက် ၅ နာရီအချိန်ခန့်တွင် မြို့နှင့် ၂ မိုင်အကွာ တံစူးကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းတော်လှန်ရေးရဲဘော်က ပြောသည်။
“အင်အား ၈၀ လောက်နဲ့ တံစူးရွာဘက်ထိုးဖို့ လာတာပါ။ အဲ့တာနဲ့ ရဲဘော်တွေနဲ့ ထိတွေ့မှုဖြစ်တာ။ ဖြစ်တာက မနက် ၅ နာရီလောက်မှဖြစ်တာ သူတို့ဘက်က အတော်လေး အကျများပါတယ်။ သူတို့ (စကစ) ဘက်က ၂၀ ကျော်လောက်ကို ထမ်းခေါ်သွားတာ တွေ့လိုက်တယ်။”ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ယနေ့ ဧပြီ ၂၂ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီစစ်သားအလောင်း ၈ လောင်းတွေ့ရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ပြောပါသည်။
တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဝန်းသိုတပ်မှ ဟောက်ဝှစ်ဇာဖြင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့သည့်အပြင် ဒရုန်းများဖြင့်လည်း အကြိမ် ၅၀ ခန့် ပစ်ကူပေးခဲ့သည်ဟုလည်း ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၃ ဦးထိခိုက်ခဲ့ပြီး တစ်ဦးကျဆုံးသွားသည်ဟု သိရသည်။
“ကျွန်တော်တို့ဘက်မှာ လိုအပ်မှုတွေအများကြီး ရှိနေတာပေါ့နော်။ ရဲဘော်တွေအတွက် ကျည်ကာဦးထုပ်တွေ ကျည်ကာအင်္ကျီတွေ မဝယ်ပေးနိုင်တော့ ရဲဘော်တွေ ကျနေရတာပါ။”ဟု ဆိုသည်။
စစ်ကောင်စီတပ်များသည် ကောလင်းမြို့အနီးတစ်ဝိုက်သို့ စစ်ကြောင်းထိုးလေ့ရှိပြီး ယခုတစ်ခေါက် တိုက်ခိုက်ခံရ၍ အထိနာသွားသည့် စစ်ကြောင်းလည်း မြို့ထဲသို့ပြန်လည် ဝင်ရောက်သွားပြီးနောက် မြို့အရှေ့ဘက်ကျေးရွာများသို့ ထပ်မံပြီး စစ်ကြောင်းထိုး လှုပ်ရှားသွားကြောင်း သိရသည်။