မပခ ရဲ့ နမ့်ပေါင် လေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ဆေးခံရသူတွေရဲ့ ဆိုင်ကယ်သိမ်းဆည်းခံရ
22 April 2024 – Kachinwaves
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ရဲ့ နမ့်ပေါင်လေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ဆိုင်ကယ်သိမ်းဆည်းခံရတဲ့ အရပ်သားပြည်သူတွေရှိတယ်လို့ မြစ်ကြီးနားမြို့နေ ပြည်သူတစ်ဦးက ဆိုပါတယ်။
ဧပြီလ ၁၉ ရက်နေ့က မော်ဖောင်းကျေးရွာမှာရှိတဲ့ နမ့်ပေါင် စစ်ကောင်စီလေတပ်စခန်းကို NBPDF တော်လှန်ရေးအဖွဲ့က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးဖမ်းဆီးမှု လုပ်ဆောင်ခဲ့ပြီး ဆိုင်ကယ်တွေကိုလည်း သိမ်းယူထားတယ်လို့ ဆိုပါတယ်။
“ရွာအစွန်ကျတဲ့နေရာတွေမှာ ကင်းပုန်းတွေဝပ်ပြီးတော့ ဖမ်းတာ။ ဖမ်းတဲ့ လူတွေကိုတော့ညနေ ၄ နာရီကျော်လောက်ကို လွတ်ပေးလိုက်တယ်။ ဒါပေမယ့် ဆိုင်ကယ်တွေတော့ တစ်စီးမှပြန် မပေးဘူး။ အကုန်သိမ်းလိုက်တာ။”လို့ မြစ်ကြီးနားမြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။
သိမ်းဆည်းခံထားရတဲ့ ဆိုင်ကယ်အစီးရေ ၅၀ ဝန်းကျင်ရှိပြီး အခုလက်ရှိ အမြောက်တပ်မှာ သိမ်းထားတယ်လို့ သူကပြောပါတယ်။
မြစ်ကြီးနား နမ့်ပေါင်လေတပ်စခန်း တိုက်ခိုက်ခံရတာ ၃ ကြိမ်ရှိပြီဖြစ်ပြီး ဒုတိယအကြိမ် တိုက်ခိုက်မှုမှာ လေတပ်အတွင်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ NBPDF အဖွဲ့က ထုတ်ပြန်ခဲ့ဖူးပါတယ်။