စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးများ စဉ့်ကူးမြို့ ကျေးရွာများသို့ ကျရောက်ပေါက်ကွဲ၊ ထိခိုက်မှုများရှိ
20 April 2024 – Kachinwaves
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ အနောက်ဘက်ကမ်းသို့ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဧပြီလ ၁၈ ညနေ ၆ နာရီအချိန်မှ ည ၁၁ နာရီအချိန်ထိ စဉ့်ကူးမြို့၏ အနောက်ဘက်သို့ ၁၂၀ မမ ဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ညနေ ၆ နာရီလောက်ကို စပစ်တာ ည ၁၁ နာရီလောက်ထိ မနားတမ်းပဲ အလုံးရေ ၂၀ လောက်ရှိမယ်။ အနောက်ဘက် မြစ်ကမ်းဘက်ကိုပဲ ထုတာ။”ဟု ဆိုသည်။
အင်တာနက်လိုင်း ကောင်းကောင်းမရသော စဉ့်ကူးမြို့နယ်တွင် ယခင်လများတွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်လေ့ရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောပြသည်။
“အဲ့ဘက်တွေက အမြဲတမ်းလက်နက်ကြီးနဲ့ လှမ်းထုနေကြ၊ ပြီးခဲ့တဲ့ ၂ လကဆို ဘုန်းကြီးတွေလည်း ထိတယ်။ ပြည်သူတွေလည်း အများကြီးသေတယ်။ အဲ့ဘက်က အင်တာနက်၊ ဖုန်းလိုင်းတွေက ကောင်းကောင်းမရတော့ သတင်းတွေက သိပ်မသိကြဘူး။ သူတို့မထုတာ ၁ လလောက်တော့ရှိပြီ။ မနေ့က ပြန်ထုပြန်တော့တာ စဉ့်ကူးနယ်က ဗျူဟာမှူးအသစ် ပြောင်းတာမကြာသေးလို့ထင်တယ်။ သပ်သပ်ကို လိုက်ထုနေတာ။”ဟု ရှင်းပြသည်။
လက်နက်ကြီးကျည်များ စဉ့်ကူးမြို့၏ အနောက်ဘက်ရှိ ဧရာတီမြစ် ကျွန်းပေါ်ရွာများဖြစ်သော ဇီးကုန်း၊ ပေါက်ကုန်းနှင့် လက်ပံကုန်းကြား၊ ဘုံသာကုန်း၊ မြေနု စသည့် ကျေးရွာနှင့် ဝက်လက်မြို့နယ်ရှိ ရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း ပြောသည်။
ညနေပိုင်း ၆ နာရီဝန်းကျင်ပစ်ခတ်မှုတွင် ဝက်လက်မြို့နယ်ထဲရှိ သစ်ဆိမ့်ကြီးကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ညပိုင်း ၁၀ နာရီဝန်းကျင် ပစ်ခတ်မှုတွင်လည်း စဉ့်ကူးမြို့နယ်ရှိ ဇီးကုန်းရွာမှ ကလေးငယ်တစ်ဦး ခြေပေါက်ထွက်ဒဏ်ရာရခဲ့ပြီး ဘုန်သာကုန်းရွာမှ နွား ၂ ကောင်သေဆုံးကာ နွားလေးကောင်ထိခိုက်ဒဏ်ရာရရှိခဲ့သလို ပြည်သူ ၅ ဦး ထိခိုက်ခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။ ထို့အအပြင် နေအိမ် ၁ လုံးလည်း ပျက်စီခဲ့သည်ဟု ဆိုသည်။