မိုးညှင်း ဆယ်မိုင် ရာဘာတောထဲတွင် အမျိုးသမီးတစ်ဦး၏ အရိုးကျနေသည့် ရုပ်အလောင်းတွေ့ရှိ
19 April 2024 – Kachinwaves
ရက်သတ္တပတ်သုံးပတ်ကြာ ပျောက်ဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့က မိုးညှင်းမြို့၊ ဆယ်မိုင်ကျေးရွာတွင် တွေ့ရှိခဲ့သည်ဟု သိရသည်။
ဆယ်မိုင်ကျေးရွာ၊ ရာဘာတောထဲတွင် အမျိုးသမီးတစ်ဦး၏ အရိုးကျနေသည့်ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း ပရဟိတအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ဘယ်လိုသေမှန်းတော့ မသိဘူး။ သူတို့အိမ်ကတွေလည်း မသိဘူး။ အိမ်ကနေ ပျောက်သွားတာ ၃ ပတ်လောက် ရှိပြီပြောတယ်၊ သူ့သားပြောတာ။ ရှာတာလည်း ဘယ်လိုမှ ရှာမတွေ့ဘူးတဲ့။ မနေ့ကမှ ဟင်းသွားရှာတဲ့သူတွေက သေထားတာတွေ့လို့ ဖုန်းဆက်အကြောင်းကြားခဲ့တာပေါ့။”
ရုပ်အလောင်း၏ ဦးခေါင်းပိုင်းမှာ အရိုးကျနေပြီဖြစ်ပြီး မည်သည့်အကြောင်းရင်းကြောင့် သေဆုံးသည်ကို မသိရှိကြောင်း ၎င်းက ဆိုသည်။
သေဆုံးသူမှာ အသက် ၅၇ နှစ်အရွယ် ဒေါ်ဆောင်မျော်ဆိုသူဖြစ်ပြီး မိုးညှင်း၊ သိမ်အင်းကျေးရွာတွင် နေထိုင်ပြီး လက်ဖက်ခူးလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်းနှင့် သေဆုံးသူ၏ ရုပ်အလောင်းကို ယမန်နေ့ကပင် မီးရှို့သင်္ဂြိုဟ်ပြီးကြောင်းလည်း သိရသည်။