နန်းမား ဝန်းကျင်တွင် စစ်ကောင်စီတပ် စစ်ကြောင်း လှုပ်ရှားမှုရှိနေသည်ဟုဆို
20 April 2024 – Kachinwaves
မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာတွင် ယမန်နေ့ညနေပိုင်းက စတင်ပြီး ယနေ့နံနက်ထိ လက်နက်ကြီးပစ်ခတ်သံများ ထွက်ပေါ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
နန်းမားကျေးရွာအရှေ့ဘက်သို့ စစ်ကောင်စီစစ်ကြောင်းထိုးနေပြီး ယမန်နေ့မွန်းလွဲ ၁ နာရီ ဝန်းကျင်ကစပြီး ယနေ့နံနက်ထိ နန်းမားအမြောက်တပ်မှ လက်နက်ကြီးပစ်ခတ်သံများ ထွက်ပေါ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“နန်းမား စစ်ကြောင်းထိုးသွားတယ် ကြားတယ်။ အရှေ့တောင်ကြောဘက် ဖြစ်နေတယ်ပြောတယ်။”
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် နှစ်ဖက်အပြန်အလှန် လက်နက်ကြီး ပစ်ခတ်ခဲ့ကြသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“လက်ပံတန်း၊ မြိုင်ရွာ၊ ညောင်ကုန်း၊ ထန်းတပင် အဲ့တကြောလုံး သူတို့ရှုပ်သွားတာ။ လာတာတော့ စစ်ကြောင်းထိုးမလို့ ထင်တယ်။ ဒီဘက်ကလည်း အကြီးနဲ့ပြန်ပစ်တော့ သူတို့ချောင်း မကျော်လာဘူး။”
နန်းမား အမြောက်တပ်နှင့် မိုးညှင်းဘက်မှ လက်နက်ကြီးပစ်ကူပေးခဲ့ပြီး စုစုပေါင်း လက်နက်ကြီးအလုံးရေ ၁၀ လုံးဝန်းကျင်ရှိခဲ့သည်ဟု ဆိုသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ ဟိုပင်မြို့နှင့် နန်းမားကျေးရွာများတွင် စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ် စစ်ကြောင်းများ လှုပ်ရှားနေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွါးနေသည်