စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဝက်လက်မြို့ သစ်ဆိမ့်ရွာမှ အမျိုးသမီးတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ
19 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ သစ်ဆိမ့်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်း ၆ နာရီအချိန်တွင် မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ ၁၂၀ မမ လက်နက်ကြီးကျည်ဖြင့် မြစ်အနောက်ဘက်သို့ ၁၅ ချက်ထက်မနည်း လှမ်းပစ်ခဲ့ပြီး မြစ်တစ်ဘက်ကမ်းရှိ သစ်ဆိမ့်ကြီးကျေးရွာသို့ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“တိုက်ပွဲမရှိပါဘူး။ သူတို့ (စကစ) ခြံထဲက ရမ်းသမ်းပစ်နေတာပါ။ ၁၅ ချက်ကျော်တယ် ပစ်တာ။ သစ်ဆိမ့်ကြီးရွာမြောက်ပိုင်းကို ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်။ တစ်လုံးက စာသင်ကျောင်းအရှေ့ တည့်တည့်ကျတာ။ တစ်လုံးက ရွာရဲ့မြောက်ဘက်စွန်းကို ကျတာ။”ဟု ၎င်းဒေသခံက ဆိုသည်။
အဆိုပါလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သစ်ဆိမ့်ကြီးကျေးရွာရှိ အသက် ၃၇ နှစ်အရွယ် မခင်သန္တာကျော်ဆိုသူ သေဆုံးခဲ့ပြီး အသက် ၆၁ နှစ်အရွယ် ဒေါ်လှလေးဆိုသူ မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ပြောသည်။
သစ်ဆိမ့်ကြီးကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ နီးပါးရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်နေမှုများကြောင့် ဝက်လက်မြို့ အရှေ့ဘက်ခြမ်း ဧရာဝတီမြစ်ကမ်းနဘေးရှိ ကျေးရွာများတွင် အမြဲလိုလို ထွက်ပြေးသိမ်းရှောင်နေကြရသည်။