ရွှေကူစစ်ရှောင်များ သင်္ကြန်ရေကစားပွဲတော်ကျင်းပနေသည့်ဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့
18 April 2024 – Kachinwaves
စစ်ဘေးသင့်ပြည်သူများ သင်္ကြန်ရေကစားပွဲတော်ကျင်းပနေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဧပြီ ၁၆ ရက်နေ့က ရွှေကူမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ် စီသာ၊ မံနား၊ စီသောင်၊ မံခါး ကျေးရွာများဘက်ကို ပစ်ခတ်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အထိအခိုက်တော့မရှိခဲ့ကြောင်း စစ်ရှောင်ဒေသတွင် နေထိုင်သူတစ်ဦးက ဆိုသည်။
“အဲ့ဘက်မှာ စစ်ရှောင်တွေရှိတာပေါ့နော်။ စစ်ရှောင်တွေက မပျော်ရတာလည်းကြာပြီဆိုတော့ သူတို့အနေနဲ့ မဏ္ဍပ်ငယ်လေးတွေ၊ မဏ္ဍပ်သေးလေးတွေထိုးပြီး ပျော်ကြတာပေါ့။ အဲ့ဒီဘက်ကို လှမ်းထုတာ။ လူအထိအခိုက်တော့ မရှိခဲ့ပါဘူး။”
လက်နက်ကြီး ၅ လုံးဖြင့် ရွှေကူမြို့အောက် လေးလမ်းဆုံမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်နက်ကြီး ပစ်ခတ်ခံရသည့် ကျေးရွာများသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလက တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည့် ကျေးရွာများဖြစ်ပြီး စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာများ ဖြစ်သည်။