စစ်ကောင်စီသည် သင်္ကြန်ကာလအတွင်း ကသာ၊ ဆားလင်းကြီး၊ ထီးချိုင့်နှင့် အရာတော် မြို့နယ်များမှ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့
16 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာကို စစ်ကောင်စီ၏ တံတားဦးမှတက်လာသည့် A – 5 ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် လူနေအိမ်များပျက်စီးကာ ပြည်သူများလည်း ထိခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ညောင်ပင်ကွင်းကျေးရွာရှိ ရေကစားမဏ္ဍပ်အား လေကြောင်းဖြင့် မီးလောင်ဗုံး ကြဲချခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါလေကြောင်း တိုက်ခိုက်မှုကြောင့် ဘောဂဝတီဆန်စက်၊ ကားတစ်စီးနှင့် နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး ပြည်သူနှစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ပြောသည်။
“မဏ္ဍက ဆန်စက်အရှေ့မှာ ကားနဲ့လုပ်ထားတာ ဆန်စက်တည့်တည့်ကို ကျတာ ဘာမှလည်းမရှိဘဲ အကြောင်းမဲ့လာကြဲတာ”ဟု ဆိုသည်။
ထို့အပြင် ဆာလင်းကြီးမြို့နယ်နှင့် မြိုင်မြို့နယ်အစပ် ကျားတက်ရွာဆေးရုံကိုလည်း စစ်ကောင်စီက ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါလေကြောင်း တိုက်ခိုက်မှုကြောင့်ပဲ ကျားတက်ရွာဆေးရုံ မီးလောင်ခဲ့ပြီး ဆေးရုံဘေးရှိနေအိမ်မှ ပြည်သူတစ်ဦးလည်း ထိခိုက်ခဲ့ကြောင်း ဆားလင်းကြီး ဒေသခံတစ်ဦးက ပြောသည်။
“အခုထိတော့ မီးလောင် နေဆဲပဲ ကျားတက်ရွာဆေးရုံကတော့ သေချာပါတယ်။ အခြေအနေ အသေးစိပ် မသိရသေးဘူး။” ဟု ဆိုသည်။
ထို့အပြင် ယနေ့ည ၈ နာရီနှင့် ၈ နာရီခွဲကြားတွင် ထီးချိုင့်မြို့နယ် တောမရွာနှင့် ကြူးတောင်တို့ကို တံတားဦးမှတက်လာသည့် ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့တွင်လည်း အရာတော်မြို့နယ်တွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် ဝါးတောမ၊ စည်သာ၊ မကျီးစု၊ ဘောကုန်း စသည့်ကျေးရွာ ၄ ရွာမှ နေအိမ် ၈၀ ကို မီးရှို့ခဲ့ပြီး ဝါးတောမရွာရှိ ပြည်သူ ၂ ဦးအား သတ်ဖြတ်ခဲ့ပြီး မလဲသာကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်။