နောင်ချိုမြို့ သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား MDY-PDF တိုက်ခိုက်သိမ်းပိုက်၍ လက်နက်ခဲယမ်းများရရှိ
16 April 2024 – Kachinwaves
မန္တလေးတိုင်း၊ နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင် မြို့နယ်ကြားရှိ သရက်ကုန်းကျေးရွာ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့က MDY-PDF မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီအလောင်းများနှင့် လက်နက်ပစ္စည်းများ ရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY) မှ ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
နံနက် ၅ နာရီခွဲအချိန်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် အပြီးသတ်သိမ်းနိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါတိုက်ပွဲတွင် လက်နက်ငယ် (၄၀) ကျော်၊ ၆၀ မမ (၂) လက်၊ Drone Jammar (၁) ခုနှင့် ခဲယမ်းများအပါအဝင် ရန်သူ့အလောင်း ၂၁ လောင်းလည်း ရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်မှုရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
တိုက်ပွဲတွင်းသို့ စစ်ကူလာသော ရန်သူ့စစ်ကြောင်းနှစ်ကြောင်းကိုလည်း ထပ်မံပိတ်ဆို့နိုင်ခဲ့ပြီး အထိအခိုက်ကျဆုံးများစွာနှင့် ဆုတ်ခွာခဲ့ရသည်ဟုလည်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်များသည် သာသနာ့အဆောက်အအုံနှင့် စာသင်ကျောင်းများတွင် တပ်စွဲလေ့ရှိကြပြီး သရက်ကုန်းကျေးရွာတွင်လည်း ဘုရားစေတီတောင်ပေါ်များနှင့် စာသင်ကျောင်းများတွင် အခိုင်အမာ တပ်စွဲထားကြောင်းလည်း သိရှိရသည်။
ဧပြီလ (၁၄) ရက်နေ့ ည (၉) နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အဖွဲ့မှ ပြင်ဦးလွင်မြို့ရှိ DSA ကျောင်းအား ရှော့တိုက်ဒုံးအလုံး (၂၀) ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။