စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် လယ်ယာအခင်းစောင့်သည့် အမျိုးသားနှစ်ဦး သေဆုံး
16 April 2024 – Kachinwaves
စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လယ်ယာခင်းစောင့်သည့် အမျိုးသားနှစ်ဦး သေဆုံးသည့်ဖြစ်စဉ် မိုးညှင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧပြီ ၁၄ ရက်နေ့ညက မိုးညှင်းမြို့အနီးရှိ မြိုင်ကျေးရွာဘက်သို့ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ လယ်တောတွင်း ကျရောက်ပေါက်ကွဲခဲ့၍ ယာအခင်းစောင့်နေသည့် အမျိုးသားနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု မိုးညှင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“ပွဲချင်းပြီး ဖြစ်မယ်။ တစ်ယောက်က ခေါင်းတောင်ပွင့်သွားတာ။ မနေ့ (ဧပြီ ၁၅) က သူတို့အိမ်တွေက ပြန်မလာလို့ဆိုပြီး လယ်တောလိုက်သွားတော့မှ သေနေမှန်းသိကြတာ။”
သေဆုံးသူ ၂ ဦးမှာ မြိုင်ရွာဒေသခံနှစ်ဦးဖြစ်သည့် ဦးဇော်တူးနှင့် ဦးညိုဝင်းတို့ဖြစ်သည်ဟု သိရှိရသည်။
လက်နက်ကြီး ပစ်ခတ်ခဲ့သည့်နေရာမှာ မိုးညှင်းမြို့အထွက် နန့်ပုတ်ကျေးရွာအနီးရှိ ခလရ (၁၅) သို့မဟုတ် GTI ကျောင်းမှ ဖြစ်နိုင်သည်ဟု သတင်းရင်းမြစ်က ခန့်မှန်းသည်။
ဧပြီ ၁၂ ရက်နေ့ကလည်း မိုးညှင်းအရှေ့တောင်၊ ထန်းတစ်ပင်ကျေးရွာဘက်သို့ စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုရှိခဲ့ကြောင်းလည်း သိရှိရသည်။
၂၀၂၃ ခုနှစ်ကလည်း မိုးညှင်းမြို့ရှိ စစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထန်းတစ်ပင်ကျေးရွာမှ အရပ်သား အမျိုးသမီးတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။