PLA ၏ အခြေခံစစ်သင်တန်းဆင်းပွဲတွင် အမျိုးသမီး ၂၀ ရာခိုင်နှုန်းပါဝင်
15 April 2024 – Kachinwaves
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အမှတ် (၁) စစ်ဒေသအတွင်း တစ်နေရာတွင် သင်တန်းသား အမျိုးသမီး ၂၀ ရာခိုင်နှုန်း ပါဝင်သည့် အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ယမန်နေ့ ဧပြီ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။
၎င်း People’s Liberation Army – PLA ၏ ထုတ်ပြန်ချက်တွင် သင်တန်းသားအရေအတွက်နှင့် မည်သည့်နေ့၌ သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်ကို ထုတ်ဖော်ထားခြင်းမရှိသော်လည်း ဒေသဆိုင်ရာတာဝန်ရှိသူများကတော့ ပြီးခဲ့သည့်အပတ်က သင်တန်းဆင်းခဲ့သည်ဟု ပြောပါသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် ကိုးကန့်ဒေသများတွင် အဓိက တိုက်ပွဲဝင်လျှက်ရှိကာ တည်ဆောက်ဆဲ စစ်ဒေသများလည်းရှိပြီး၊ ၁၀၂၇ စစ်ဆင်ရေးတွင်လည်း ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည့်အဖွဲ့ ဖြစ်ကြောင်း သိရသည်။