မိုးမောက်မြို့တွင် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရပြီး ၎င်း၏အလောင်းကို ဆေးရုံရှေ့၌ ပစ်ချခဲ့
14 April 2024 – Kachinwaves
ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် အရပ်သား အမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီသတင်းပေးဟုလည်း စွပ်စွဲခံရသည့် ကိုရှမ်းကြီးဆိုသူ အမျိုးသားကို ဧပြီ ၁၂ ရက်နေ့ညတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားပြီး နောက်တစ်ရက် ဧပြီ ၁၃ ရက်နေ့က ၎င်း၏အလောင်းကို မိုးမောက်ဆေးရုံရှေ့၌ ပစ်ထားခဲ့သည်ဟု မိုးမောက်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“၁၂ ရက်နေ့ညတုန်းက အပြင်မှာသွားလာရင်း ဖမ်းသွားပြီးတော့ ၁၃ ရက်နေ့မနက် အလောင်းကို မိုးမောက်ဆေးရုံရှေ့မှာ လာပစ်ထားပေးတာ”
သတ်ဖြတ်ခံရသူမှာ မိုးမောက်မြို့ အလင်းကောင် (Alen Kawng) ရပ်ကွက်တွင် နေထိုင်သည့် ကိုရှမ်းကြီး၊ အသက် ၄၅ နှစ်ဖြစ်ပြီး၊ ၎င်းကို ပါးစပ်ဖွာတတ်သူအဖြစ် ပတ်ဝန်းကျင်က သမုတ်သော်လည်း စစ်ကောင်စီသတင်းပေး မဟုတ်ဟု မိုးမောက်ဒေသခံ အမျိုးသားက ဆိုသည်။
“စစ်တပ်သတင်းပေးဆိုပြီး ခေါ်သွားတယ် ပြောတယ်။ သတင်းပေးတဲ့ လူစားမျိုးထဲမှာတော့ မပါဘူး။ ကြုံရာနေ့စားလုပ်တယ်။ စကား သယ်သွားသယ်လာ လုပ်တတ်တာကလွဲပြီး သဘောတော့ အရမ်းကောင်းတယ်။”ဟု ဆိုသည်။
အဆိုပါ ပါးစပ်ဖွာတတ်သူအဖြစ် သမုတ်ခံရသည့် ကိုရှမ်းကြီးကို တော်လှန်ရေးအဖွဲ့အစည်းဘက်က လုပ်ကြံသတ်ဖြတ်သည်ဟု အချို့ဒေသခံများ ထင်ကြေးပေးသလို၊ အချို့ဒေသခံများကလည်း ကိုရှမ်းကြီးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။