စစ်သားများ၏ စေခိုင်းမှုကြောင့် ဆယ်ဇင်းရွာကို မီးရှို့ခဲ့သည့် မူးယစ်ဆေးစွဲသူ ၂ ဦးကို KIA ပူးပေါင်းတပ်ဖွဲ့က ဖမ်းမိထား
14 April 2024 – Kachinwaves
တိုက်ပွဲဖြစ်ပွါးနေသည့် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီက မီးရှို့ခံရသဖြင့် လူနေအိမ် ၉ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
မီးရှို့ခဲ့သည့် မူးယစ်ဆေးစွဲသူ အမျိုးသား ၂ ဦးကို KIA ပူးပေါင်းအဖွဲ့က ဖမ်းဆီးထားကြောင်း ဆယ်ဇင်းစစ်ရှောင်တစ်ဦးက ဆိုသည်။
“ဒီမနက် ၁၀ နာရီကစပြီးတော့ ဆယ်ဇင်းရွာ မီးရှို့ခံလိုက်ရတာ။ မီးရှို့တဲ့သူ ၂ ယောက်တော့ ဖမ်းမိတယ်။ ရှမ်းနီစစ်သားတွေ မီးရှို့ခိုင်းတာတဲ့။ မူးယစ်ဆေးသုံးတဲ့ ဆေးသမားတွေကို”
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာ နားခိုရာဆေးခန်းအနီးရှိ နေအိမ် ၉ လုံး ပျက်စီးသွားကြောင်း သိရှိရသည်။
“မီးကူးမှာစိုးလို့ PDF တွေ KIA တွေ ဘက်ဟိုးနဲ့ ကလော်လိုက်တာ ၂ အိမ်ပါသွားတာဆိုတော့ စုစုပေါင်း ၉ အိမ်ပျက်စီးသွားတယ်။”ဟု အထက်ပါဒေသခံက ဆိုသည်။
အင်းတော်ကြီး – ဖားကန့် လမ်းပိုင်းရှိ ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် KIA နှင့် PDF ပူးပေါင်းအဖွဲ့က ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီက ဆယ်ဇင်းကျေးရွာအနီးကို ယနေ့နံနက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧပြီ ၉ ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်စတင်ခဲ့သည့် ဆယ်ဇင်းတိုက်ပွဲတွင် ဆယ်ဇင်းရဲစခန်းမှ ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချခဲ့သော်လည်း ဆယ်ဇင်းစစ်တပ်ကို ယနေ့အထိ ဆက်လက်တိုက်ခိုက်နေရဆဲ ဖြစ်သည်။
===
ပုံ – ဆယ်ဇင်းကျေးရွာ ယခင်ပုံ။