ကနီတွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ၉ နှစ်အရွယ် ကလေးသေဆုံးပြီး၊ ၈ နှစ်အရွယ် ကလေး ဒဏ်ရာပြင်းထန်စွာရရှိ
14 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်လိုက်သော လက်နက်ကြီး ကနီမြို့အရှေ့ဘက်ကမ်းရှိ ကျေးရွာတစ်ရွာ၌ ကျရောက်ပေါက်ကွဲခဲ့၍ ကလေးငယ် ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်စွာရရှိကြောင်း ဒေသခံတော်လှန်ရေးရဲဘော်များထံမှ သိရသည်။
ကနီမြို့ပေါ်မှ စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကနီအရှေ့ဘက်ကမ်း ကျေးရွာသို့ ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ၆၀ မမဖြင့် ပစ်ခတ်ခဲ့သည်ဟု မြေပြင်တော်လှန်ရေးရဲဘော် ရဲဘော်ရောင်နီက ပြောသည်။
“အဲ့ရွာက ကနီနဲ့မျက်နှာချင်းဆိုင် ရွာပါ။ မြစ်လေးပဲခြားတာ အသက်လွတ်ကြီးပစ်တာပါ၊ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ စက်လက်နက်နဲ့စပြီး ရမ်းပစ်တာ၊ ပြီးမှ ၆၀ မမ နဲ့ လှမ်းပစ်တာ ကလေးမလေးက အရုပ်လေးဖက်ပြီး သေခဲ့ရတာ။”ဟု ဆိုသည်။
စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ၈ နှစ်အရွယ်ယောကျ်ားလေးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ၉ နှစ်အရွယ် မိန်းကလေးငယ်ကတော့ ပွဲချင်းပြီးသေဆုံးကာ အခင်းဖြစ်သည့်နေ့မှာပဲ သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။
ကနီမြို့အား တော်လှန်ရေးတပ်ဘက်က မတ်လ ၂ ရက်နေ့မှ ၁၂ ရက်နေ့အထိ ယင်းမာပင်ခရိုင် တပ်ပေါင်းစုများက မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီဘက်မှ ၄၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အများအပြားရရှိခဲ့ကာ တော်လှန်ရေးအင်အားစုဘက်ကလည်း ၁၁ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
လေကြောင်းအဆမတန်သုံးပြီး မြို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များက မတ်လ ၁၃ ရက်နေ့တွင် ကနီမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။