အရာတော်တွင် စစ်ကောင်စီစစ်သားများနှင့် စစ်မှုထမ်းမည့်သူများ စီးနင်းလာသည့် စစ်ယာဉ်တန်း တိုက်ခိုက်ခံရ၊ ဆယ့်နှစ်ဘီးကားနှစ်စီးနှင့် Express ကားတစ်စီး ပျက်စီး
14 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် မုံရွာမြို့ အနောက်မြောက်စစ်ဌာနချုပ် အမှတ် (၉၂၉) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ အရာတော် အမှတ် (၁၀) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားနေသော စစ်ကောင်စီယာဉ်တန်းကား ၆ စီးအား ဧပြီ ၁၃ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီစစ်သားများနှင့် စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း တက်ရောက်မည့်သူ (၂၅၀) ဦးတို့ လိုက်ပါစီးနင်းလာသည့် ဆယ့်နှစ်ဘီးကား ၅ စီး၊ Express ကားတစ်စီးအား အရာတော်မြို့နယ် ကမ်းဖြူရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသမှလည်း ထုတ်ပြန်ထားသည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ဆယ့်နှစ်ဘီးကားနှစ်စီးနှင့် Express ကားတစ်စီး ပျက်စီးခဲ့ပြီး ဒုအရာခံဗိုလ် (၁) ဦး၊ တပ်ကြပ်ကြီး (၁) ဦး၊ တပ်ကြပ် (၁) ဦး၊ အားကာသိပ္ပံမှ (၁) ဦးနှင့် စစ်သင်တန်းသားသစ် (၄၅) ဦးတို့အား အရှင်ဖမ်းဆီးရမိခဲ့ပြီး၊ ဗိုလ်ကြီးတစ်ဦးနှင့် စစ်သင်တန်းသား ၂၀ ခန့်သေဆုံးခဲ့၍ ၁၅ ဦး ဒဏ်ရရာရှိခဲ့ကြောင်းလည်း ပြောသည်။
၎င်းကြားဖြတ်တိုက်ခိုက်မှုတွင် စစ်လက်နက်များ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ဖိုင်တွဲများကို သိမ်းဆည်းရမိကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်များမှာ တပ်မ ၇၇ မှဖြစ်ပြီး၊ စစ်သင်တန်းသားများမှာ ဝါသဝပျူစောထီးခေါင်းဆောင်၏ တပည့်များဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် နံနက်ပိုင်းတွင် စစ်ကား (၆) စီးဖြင့် တိုက်ခိုက်ခံရသည့် ကျေးရွာအနီးရှိ ဝါးသောမ၊ အောင်ချမ်းသာ၊ ရေယာဉ်သာ၊ ဘောကုန်း စသည့်ကျေးရွာ (၄) ရွာကို စစ်ကြောင်းထိုးမီးရှို့ခဲ့ကြောင်းလည်း ၎င်းစစ်ရေး သတင်းရင်းဖြစ်မှ ပြောသည်။
စစ်ကောင်စီတပ်က ဧပြီ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခံရပြီးနောက် ညနေပိုင်းတွင် Mi-17 တစ်စီး၊ Mi-35 တစ်စီးဖြင့် အရာတော် (၅၀၀၄) တင့်ကားတပ်ရင်းမှ စစ်ကောင်စီတပ်များကို တင်ဆောင်လာကာ မလဲသာကျေးရွာကို လေကြောင်းပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး စစ်အင်အားများ ချသွားကြောင်းလည်း ပြောသည်။
၎င်းကြားဖြတ်တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း (၆၊ ၁၉၊ ၂၄)၊ မုံရွာခရိုင် ကွန်မန်ဒိုတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ် – ၁၁ ပကဖ၊ မိတ္ထီလာခရိုင် တပ်ရင်း – ၂၊ Danger Force LPDF၊ ကျားသစ်နက် LPDF နှင့် Special Revolution Force LPDF အဖွဲ့တို့မှ ပူးပေါင်းပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။