လွယ်ဂျယ်မြို့တွင် အောင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများထွက်ခွာသွား KIA အပြီးပိုင် ထိန်းချုပ်ပြီ
9 April 2024 – Kachinwaves
လွယ်ဂျယ်မြို့တွင်ရှိသည့် စစ်တပ်နှင့် ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ညက တရုတ်ပြည်ဘက်သို့ ထွက်ပြေးသွားသည့်အတွက် လွယ်ဂျယ်မြို့ကို KIA က အပြီးပိုင် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
လွယ်ဂျယ်စစ်တပ် ခလရ – ၁၄၂ နှင့် ရဲစခန်းမှ လူ ၆၀ ကျော်သည် ကား ၂ စီးနှင့် တရားမဝင်လမ်းမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ထွက်ခွာသွားခြင်းဖြစ်သည်ဟု လွယ်ဂျယ်သတင်းရင်းမြစ်ထံမှတစ်ဆင့် သိရသည်။
“လွယ်ဂျယ်က မနေ့က ၁၀ နာရီကနေ စကစ တွေတရုတ်ပြည်ဘက်ကို အကုန်ထွက်သွားပြီတဲ့။ စကစတွေရော၊ ရဲတွေရော၊ ကလေးတွေပါ ပါတယ်တဲ့။”
ခလရ – ၁၄၂ စစ်တပ်ကို ယနေ့နံနက်တွင် ရှင်းလင်းရေးလုပ်ဆောင်ပြီးဖြစ်ကြောင်းနှင့် ယခုလက်ရှိ KIA ပူးပေါင်းတပ်ဖွဲ့တို့ အထိုင်ချထားပြီဖြစ်ကြောင်း ဆိုသည်။
“ဒီနေ့ မနက်တော့ ရှင်းလင်းရေးလုပ်ပြီး KIA တွေ စခန်းချနေပြီ။ ခလရ ၁၄၂ မှာ။ ခုတော့ အားလုံးအစုံ ဖြစ်သွားပြီပေါ့။ KIA ရဲ့ အုပ်ချုပ်မှုအောက်မှာ။ မနေ့က သူတို့လည်း ဒီတိုင်းပဲထွက်ခွင့်ပေးလိုက်တာတဲ့။ သေနတ်လည်း မဖောက်ဘူး။”
မြစ်ကြီးနား – ဗန်းမော်လမ်းကြောတစ်လျှောက် ထိုးစစ်ဆင်တိုက်ခိုက်လာသည့် KIA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့သည် ဧပြီလ ၄ ရက်နေ့တွင် လွယ်ဂျယ်မြို့တွင်းသို့ စတင်ဝင်ရောက်ပြီး ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံးတို့ကို ထိန်းချုပ်နိုင်ခဲ့သည်။ ၅ ရက်ကြာပြီးနောက် ယနေ့ဧပြီ ၉ ရက်နေ့တွင် ရဲစခန်းနှင့် စစ်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့ကိုစွန့်ခွာသွားသည့်အတွက် လွယ်ဂျယ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီ ဖြစ်သည်။