တော်လှန်ရေးတပ်ဖွဲ့တို့ သိမ်းပိုက်ထားသည့် ကျေးရွာများကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်နေ
8 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့နယ် အစပ်ရှိ စစ်ကောင်စီတပ်စခန်း ၄ ခုအား တော်လှန်ရေးတပ်ဖွဲ့များမှ သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီက ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း နယ်မြေခံတော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် တံတားဦးမှတက်သည့် ဂျက်ဖိုက်တာတစ်စီးဖြင့် ဖောင်းပြင်မြို့နယ် စက်တောရွာကို ဗုံးချတိုက်ခိုက်ခဲ့သည့်အတွက် ဘုန်းကြီးကျောင်းရှိ သိမ်ကျောင်းမှာ လုံးဝပျက်စီးခဲ့ပြီး နေအိမ်တစ်လုံးလည်း ထိခိုက်ခဲ့ကြောင်း ပြောပါသည်။
ယနေ့ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင်လည်း ဟုမ္မလင်းမှတက်သည့် Mi-2 နှစ်စီးဖြင့် ဖောင်းပြင်မြို့နယ်၊ စက်တောနှင့် ဇောင်းကလောရွာကို ဗုံးသီးချတိုက်ခိုက်ရာ ဇောင်းကလောရွာမှ ပြည်သူများ၏ နေအိမ် သုံးလုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲပြီးနောက် ညပိုင်းနဲ့ မနက်ပိုင်းကြဲတာ ပြည်သူတွေက စစ်ရှောင်နေကြတော့ အထိခိုက် မရှိခဲ့ပါဘူး။ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေ ပျက်စီမှုရှိခဲ့တယ်။ ဒီနေ့ညတောင် ဟုမ္မလင်းကနေ လေယာဉ်တွေ ထပ်တက်နေပြန်တယ်။”ဟု ဆိုသည်။
ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့နယ်အစပ်ရှိ ကျွန်းကုန်းကျေးရွာ၊ မနော်သာကျေးရွာတို့နှင့် အင်ကြင်းမှော်ကျေးရွာများတွင် အခြေပြုနေထိုင်သော စစ်ကောင်စီတပ်စခန်း ၄ ခုအား မတ်လ ၃၀ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ရာ ၉ ရက်အကြာ၊ ဧပြီလ ၈ ရက် နံနက် ၂ နာရီတွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ပွဲတွင် တော်လှန်ရေးဘက်မှ လက်နက်ခဲယမ်းများ အများအပြားရရှိခဲ့ပြီး ပျူစောထီး ၁၂၀ ကျော်လည်း လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့နယ်အစပ် ကျွန်းကုန်း၊ မနော်သာ၊ အင်ကြင်းမှော်၊ ဇောင်းကလော၊ စက်တောကုန်း စသည့်ကျေးရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။