ရွှေဘိုမြို့တွင် ရှားတောရွာ မီးရှို့ခံရပြီး ပြည်သူ ၅ ဦးလည်း သတ်ဖြတ်ခံရ
7 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရှားတောရွာကို စစ်ကောင်စီက ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ပြီး ပြည်သူ ၅ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း နယ်မြေခံ တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
ဧပြီလ ၆ ရက်နေ့ နံနက် ၄ နာရီမှစတင်ကာ အင်အား ၇၀ ခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းထိုးခဲ့ပြီး ရှားတောရွာမှ နေအိမ် ၄၀၀ ကျော်အား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပြည်သူ ၅ ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း နယ်မြေခံ တော်လှန်ရေးရဲဘော်တစ်ဦးမှ ပြောသည်။
“တော်လှန်ရေး ရဲဘော်တွေက တခါတလေ အဲ့ရွာကို ဖြတ်ဖြတ်သွားကြတော့ သူတို့က မြင်ကွင်းရှင်းတဲ့အနေနဲ့ မီးရှို့တာဖြစ်နိုင်ပါတယ်။ ရွာကတော့ တစ်ရွာလုံးနီးပါးပဲ ဘာမှကိုမကျန်ဘူး။ သူတို့စစ်ကြောင်းထိုးလာတော့ ပြည်သူတွေက ပြေးတဲ့ဟာပြေး ဖမ်းမိတဲ့ဟာဖမ်းမိပဲ။ ရွာထဲကျန်ခဲ့တဲ့ ပြည်သူ ၅ ဦးကိုလည်း သတ်ဖြတ်သွားတယ်။”ဟု ဆိုသည်။
သတ်ဖြတ်သွားသည့် ပြည်သူ ၅ ဦးကိုလည်း PDF တွေဟု စွပ်စွဲကာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် တင်ထားသည်ကိုတွေ့ရသည်။ တော်လှန်ရေး ရဲဘော်တစ်ဦးကတော့ ပြည်သူကို သတ်ပြီး သူတို့ပုံမှားရိုက်ထားခြင်းဖြစ်ေကြာင်း ပြောသည်။
၎င်းစစ်ကြောင်းဟာ မတ်လ ၅ ရက်နေ့က တောင့်တင်းရွာတွင် ညအိပ်တပ်စွဲပြီး ၎င်းရွာကို မီးရှို့ပြီးနောက် ၆ ရက်နေ့ နံနက်တွင်တော့ ရှားတောရွာကို ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကြောင်းသည် ရွှေဘိုဆေးရုံဝန်းနှင့် ရွှေဘိုလေ့ကျင့်ရေးတပ်ထဲသို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်းလည်း သိရသည်
ရှားတောရွာသည် အိမ်ခြေ ၄၅၀ ကျော်ရှိပြီး စစ်ကောင်စီ၏ မီးရှို့မှုကြောင့် ပြည်သူ ၂၀၀၀ နီးပါး မီးဘေးသင့်ခဲ့ရကြောင်း သိရပါသည်။