မိုးမောက်မြို့ ကျောက်စခန်းသို့ စစ်ကောင်စီစစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စကစ ရဲ့ လက်နက်ကြီးကြောင့် ကွမ်းယာဆိုင်က ကလေးမိခင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
6 April 2024 – Kachinwaves
KIA သိမ်းပိုက်ထားပြီးဖြစ်သည့် မိုးမောက်မြို့၊ ကျောက်စခန်းကျေးရွာဘက်သို့ စစ်ကောင်စီစစ်ကြောင်းများ ထိုးလာတဲ့အတွက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး စစ်တပ်ကကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၂ ရက်နေ့ကစပြီး KIA ထိန်းချုပ်ထားတဲ့ ကျောက်စခန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်ဖွဲ့ ဧပြီ ၄ ရက်နေ့က တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျောက်စခန်းရွာက စစ်ရှောင်လာတဲ့ဒေသခံတစ်ဦးထံက သိရပါတယ်။
“မနက်ကနေ ညအထိ တိုက်ပွဲပြင်းထန်တယ်။ လေယာဉ်ဗုံးကြဲလို့ နေအိမ်တွေပျက်စီး၊ မီးလောင်တာတွေရှိတယ်။”လို့ သူက ဆိုပါတယ်။
စစ်တပ်ကကျေးရွာကို လေကြောင်းတိုက်ခိုက်တာတွေလုပ်ခဲ့တဲ့အပြင် ဗန်းမော်ဘက်ကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့လို့ ဒေသခံတွေရဲ့ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အရပ်သားထိခိုက်မှုနဲ့ နေအိမ်အရေအတွက် ဘယ်လောက်မီးလောင်ပျက်စီးသွားတယ်ဆိုတာ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ရုတ်တရက် ဖြစ်ပွားလာတဲ့တိုက်ပွဲကြောင့် ဒေသခံတွေရှောင်တိမ်းချိန်မရခဲ့ပေမယ့် ဧပြီ ၅ ရက်နေ့ မနက်မှာတော့ နှစ်ဖက်လက်နက်ကိုင်အဖွဲ့ခွင့်ပြုချက်နဲ့ တိုက်ပွဲ ၂ နာရီရပ်နားခဲ့ပြီး ဒေသခံတွေဟာ မိုးမောက်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ သိရပါတယ်။
မိုးမောက်မြို့နဲ့ ကျောက်စခန်းကျေးရွာဟာ ၅ မိုင်ဝန်းကျင်သာ ကွာဝေးပြီး ကျောက်စခန်းကျေးရွာထိပ်မှာရှိတဲ့ စစ်ကောင်စီစခန်းကုန်းကိုတော့ ဧပြီ ၂ ရက်နေ့ကတည်းက KIA နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆက်စပ်ဖြစ်စဉ်အနေနဲ့ ကျောက်စခန်းဘက်ကို ဗန်းမော်ဘက်က လက်နက်ကြီးပစ်ခတ်တဲ့အချိန် ဧပြီ ၄ ရက်နေ့ညပိုင်း ၈ နာရီလောက်မှာ မိုးမောက်မြို့အစပ်မှာ လက်နက်ကြီး ကျပေါက်ကွဲခဲ့လို့ ကွမ်းယာဆိုင်က ကလေးမိခင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရှိရပါတယ်။