ဗန်းမောက်တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူများအတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ကူညီ
7 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဘဝသစ် ပရဟိတအဖွဲ့မှ ဧပြီလ ၆ ရက်နေ့က စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်အသုံးအဆောင်ပစ္စည်းများ ကူညီပေးခဲ့ေကြာင်း ဘဝသစ်ပရဟိတအဖွဲ့ထံမှ သိရသည်။
ဗန်းမောက်တောင်ပိုင်းရှိ ဗွက်တော၊ သဖန်းဆိပ်၊ ကျွဲသဲကုန်း၊ လမ်းဆုံ၊ လွင်ကြီး စသည့် ရွှေမှော်များနှင့် စီးမော်ကျေးရွာများတွင် စစ်ဘေးရှောင်နေသည့် အိမ်ထောင်စု ၇၀၉ စုအတွက် ဆန်အိတ်အလုံး ၁၀၀ ကျော်နှင့် အသုံးဆောင်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ကူညီပေးခဲ့သည်ဟု ဘဝသစ်ပရဟိတအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
“ဗန်းမောက်တောင်ပိုင်းမှာဆို တခြားနေရာကနေ စစ်ရှောင်လာတဲ့သူတွေအများကြီးပဲ မိသားစုလိုက်ကြီးတွေစစ်ရှောင်လာကြတာဆိုတော့ ကလေးငယ်တွေလည်း အများကြီးပါပဲ။ သူတို့တွေဆိုရင် တကယ်ကို ဒုက္ခရောက်နေကြလို့ အလှူရှင်တွေနဲ့ပူးပေါင်းပြီး ကူညီပေးတာပါ။”ဟု ဆိုသည်။
ဘဝသစ် ပရဟိအဖွဲ့သည် ၂၀၂၃ ခုနှစ် မှစတင်ဖွဲ့စည်းခဲ့ပြီး အင်းတော်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များကိုကူညီနေသည့်အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။
ဗန်းမောက်တောင်ပိုင်းတွင် ဗန်းမောက်မြို့ပေါ်မှ ပြည်သူများအပါအဝင် ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးဒေသနှင့် အောက်အညှာဒေသမှ စစ်ဘေးရှောင်လာကြသော ပြည်သူ ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။