ဇင်းရွာလမ်းပိုင်းတွင် ပိတ်ပင်ထားသည့် မန္တလေး – ရွှေဘို – မြစ်ကြီးနားလမ်း ပြန်ဖွင့်ပြီ
6 April 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇင်းရွာတွင် တိုက်ပွဲကြောင့်ပိတ်ထားသော မန္တလေး – ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းအား ယမန်နေ့ ညနေပိုင်းကစပြီး ပြန်လည်သွားလာခွင့်ပြုကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် အဆိုပါလမ်းပိုင်းကို မတ်လ ၃၀ ရက်နေ့က စတင်ပိတ်ပင်ခဲ့ပြီး ဧပြီလ ၅ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်ဖွင့်ပေးခဲ့ကြောင်း ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက ပြောသည်။
“မနေ့ ညနေပိုင်းမှပဲဖွင့်တော့ တော်တော်များများက မနက်ကျမှပဲထွက်ကြတာ၊ အဲ့လမ်းပိတ်တဲ့ နေရာက ဖုန်းလိုင်းတွေလည်း မမိတော့ တော်တော်များများ လမ်းဖွင့်ဖွင့်ချင်း မသိကြဘူး။ အခုကတော့ ကားတွေ ပုံမှန်အတိုင်းသွားနေကြပြီ။”ဟု ဆိုသည်။
ဇင်းရွာအနီးရှိ မန္တလေး – ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းကို တစ်ပတ်ကြာပိတ်ပင်ခဲ့သည့်အတွက် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့မှာ ကုန်စည်ပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်း မြင့်တက်မှုများရှိခဲ့ပြီး အင်းတော်မြို့နယ်တွင် စက်သုံးဆီပါ ပြတ်လပ်ခဲ့ကြောင်းလည်း သိရသည်။