အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာတွင် ကလေးငယ်တစ်ဦး အသတ်ခံထားရပြီး ၎င်း၏ မောင်လေးဖြစ်သူလည်း ပျောက်ဆုံးနေ
6 April 2024 – Kachinwaves
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ညောင်ပင်ကျေးရွာ စစ်တပ်ကုန်းအနီးရှိ နေအိမ်မှ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အသတ်ခံထားရပြီး ၎င်း၏ မောင်လေးဖြစ်သူ ၈ နှစ်အရွယ် ယောက်ျားလေးတစ်ဦးလည်း ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရပါသည်။
ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် မိဘများလယ်တောသွားချိန် ပျောက်ဆုံးသွားပြီး ညနေ ၅ နာရီအချိန်ခန့်တွင် လက်ပြန်ကြိုးတုတ်ထားသည့်အနေထားဖြင့် သေဆုံးလျှက်တွေ့ကာ ၎င်း၏မောင်တော်စပ်သူ ၈ နှစ်အရွယ် ယောက်ျားလေးကတော့ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု အင်းတော်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မျက်နှာတွေလည်း ညိုမဲလို့ သေဆုံးတာတော့ကြာလောက်ပြီ လက်ပြန်ကြိုးတုတ်လျှက်ပဲတွေ့တာ နားကပ်တွေလည်း ဖြုတ်ယူခံထားရတယ်။ ဘေးမှာတော့ ဖုန်းတွေရှိတယ်။ ယူမသွားဘူး နားကပ်ပဲယူသွားတာ ယောက်ျားလေးကတော့ ပျောက်နေသေးတယ်။”ဟု ဆိုသည်။
သေဆုံးသွားသည့် မိန်းကလေးငယ်၏မိသားစု နေအိမ်သည် စစ်ကောင်စီ၏ စစ်တပ်ကုန်းနှင့် အနီးဆုံးရှိသည့် တာဝါတိုင်အနီး၌ ဖြစ်ကြောင်း ပြောသည်။ သတ်ဖြတ်ခံရသူမှာ အစ္စလာမ်ဘာသာဝင် ဖြစ်သည်ဟုလည်း ပြောပြီး လူမျိုးရေးပြဿနာ ဖန်တီးလိုခြင်းလည်း ဖြစ်နိုင်သည်ဟု ၎င်းဒေသခံက ဆိုသည်။
အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာသည် အိမ်ခြေ ၈၀၀ ကျော်ရှိကာ လူဦးရေ ၃၀၀၀ ကျော်နေထိုင်သော ရွာကြီးဖြစ်ကြောင်း သိရသည်။