တော်လှန်ရေးတပ်ဖွဲ့များ ရှောင်တခင်သွားရောက်ပစ်ခတ်ပြီးနောက် ဟန်ထက်စခန်းမှ စကစ များစခန်းကို စွန့်ခွာသွား
5 April 2024 – Kachinwaves
မံစီမြို့နယ်ရှိ ဟန်ထက်စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာသွားသည့်အတွက် ၎င်းစခန်းကို KIA၊ KPDF တို့ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့တစ်ညလုံး လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်နေခဲ့ပြီးနောက် စခန်းစွန့်ခွာသွားခြင်းဖြစ်သည်ဟု KPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ဟန်ထက်သိမ်းမလို့ စောင့်နေတာ။ မိုးမောက်ကို အာရုံစိုက်နေရလို့။ ခုတော့သိမ်းစရာမလိုတော့ဘူး။ ပြေးကုန်ပြီ။ ညကလည်းရှယ်ပစ်နေတာ”
စခန်းစွန့်ခွာသွားပြီးနောက် ယနေ့နံနက်က Y -12 လေယာဉ် ၁ စီးဖြင့် ဗုံးသီးများလာရောက်ကြဲချခဲ့ကြောင်း သိရသည်။
စစ်ကောင်စီစွန့်ခွာသွားသည့် စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီးကြောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိကြောင်း သိရသည်။
ဟန်ထက်စခန်းကို ဧပြီ ၃ ရက်နေ့ညက KIA ပူးပေါင်းတပ်ဖွဲ့က ရှောင်တခင်သွားရောက်ပစ်ခတ်ခဲ့ပြီး နောက်တစ်ရက်၊ ဧပြီ ၄ ရက်နေ့ညပိုင်းတွင် ၎င်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာသွားခြင်းဖြစ်သည်။