ကောလင်းမြို့ အနောက်ဘက်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးသူများသည်ဟု ဆို
31 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ အနောက်ခြမ်းတွင် ယနေ့နံနက် ၅ နာရီခွဲမှစတင်ပြီး မွန်းလွဲ ၁ နာရီအထိ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးကာ တော်လှန်ရေးအင်အားစုဘက်မှ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ကောလင်းမြို့ အနောက်ခြမ်းရှိ ကျောက်ကာရွာ၊ မင်းကုန်းရွာနှင့် ဖန်းခါးကုန်းရွာတို့တွင် နေအိမ်များမီးရှို့ကာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကောလင်းခရိုင် တပ်ရင်း (၂) မှ ထုတ်ပြန်ထားသည်။
၎င်းတိုက်ပွဲအား ကောလင်းခရိုင် အမှတ် (၂) တပ်ရင်း၊ ကန့်ဘလူခရိုင် အမှတ် (၁) တပ်ရင်း၊ ခရိုင် ပကဖ၊ ကောလင်းဇုံ ၃၊ ၅၊ ၆ ပကဖ လက်နက်ကြီးတပ်ဖွဲ့နှင့် ယင်းမာပင်ပူးပေါင်းတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။
မတ်လ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့မျာတွင်လည်း ကောလင်းအနောက်ခြမ်း ကျောက်ကာရွာ၊ မင်းကုန်းရွာနှင့် ဖန်းခါးကုန်းရွာဘက် အင်အား ၂၀၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်မှ ၂ ဦးကျဆုံးကာ စစ်ကောင်စီဘက်မှလည်း အကျအဆုံးများခဲ့ကြောင်း သိရပါသည်။