စိန်လုံဗျူဟာစခန်းကို အပြီးသတ်သိမ်းပိုက်၊ မိုးမောက် – လွယ်ဂျယ်လမ်းကို KIA ထိန်းချုပ်
1 April 2024 – Kachinwaves
စိန်လုံဗျူဟာစခန်းကို ဒီနေ့မနက် ၇ နာရီမှာ KIA နဲ့ ပူးပေါင်းတပ်တို့က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
မိုးမောက် – လွယ်ဂျယ်လမ်းပိုင်းက စိန်လုံစခန်းကြီးရဲ့ ကာကင်းစခန်းတွေကို အရင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မနေ့က စိန်လုံစခန်းကြီးကို တိုက်ခိုက်ခဲ့ရာ ဒီနေ့မနက်ပိုင်း သိမ်းပိုက်နိုင်တာ ဖြစ်ပါတယ်။
တရုတ်မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ လွယ်ဂျယ်မြို့နဲ့ မိုးမောက်မြို့ကြားက စစ်ကောင်စီတပ်စခန်းတွေကို မတ်လ ၂၇ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စခန်းပေါင်း (၁၁) ခုကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း KIO ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
၎င်းစခန်းတွေထဲက စိန်လုံစခန်းနဲ့ ယောယုံစခန်းဟာ စစ်ကောင်စီရဲ့ ဗျူဟာမှူးတွေထိုင်တဲ့ စခန်းကြီးတွေဖြစ်ကြောင်း သိရပါတယ်။
စခန်းသိမ်းပိုက်ခြင်းနဲ့အတူ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ ရိက္ခာတွေကိုလည်း သိမ်းပိုက်ရရှိတာ ဖြစ်ပါတယ်။
မတ်လ ၂၉ ရက်နေ့က မိုးမောက်မြိုနယ် မန်နောင်နဲ့ နောင်းအိန်ကျေးရွာကြားမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း တပ်မ (၈၈) တပ်မမှူး ဗိုလ်မှူးချုပ်မင်းထွဋ်ဦး သေဆုံးခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘိုက သတင်းမီဒီယာမှာ အတည်ပြုဖြေကြားထားပါတယ်။