မိုးမောက် – လွယ်ဂျယ် လမ်းပိုင်းက စခန်းပေါင်း ၁၀ ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်ပြီး ဗျူဟာမှူးထိုင်တဲ့ စိန်လုံစခန်းကြီးကို တိုက်ခိုက်နေ
31 March 2024 – Kachinwaves
ဗျူဟာမှူးထိုင်တဲ့ မိုးမောက် – လွယ်ဂျယ် ကားလမ်း စိန်လုံစခန်းအနီးက ဗျင်ဝိုင်စခန်းနဲ့ ဝလိုင်းဖျင်ယန် (Wai Lai Hpyin-yang) စခန်းနှစ်ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ ထပ်မံသိမ်းပိုက်ပြီး စိန်လုံစခန်းကြီးကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရပါတယ်။
ဗျူဟာမှူးထိုင်တဲ့ စစ်ကောင်စီရဲ့ စိန်လုံစခန်းကြီးကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး၊ တိုက်ပွဲပြင်းထန်ကြောင်း KIO သတင်းနဲ့ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ တိုက်ခိုက်ပြီး မိုးမောက်အခြေစိုက်တပ်မှလည်း လက်ကြီးနဲ့ ပစ်ကူနေကြောင်း သိရပါတယ်။
မတ်လ ၂၇ ရက်နေ့ ကနေ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မိုးမောက် – လွယ်ဂျယ် လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ရှန်တိုင်တောင် (Shang Tai Bum)၊ ဘန်ယော (Bang Yau)၊ လောမွန် (Law Mun)၊ ဖလန် (Hpalang)၊ ယောယုံတောင် (Yaw Yung Bum)၊ ဒွမ်ဘော်တောင် (Dum Bau Bum)၊ လွယ်ယိန်း (Loi Ying)၊ တိန်ရောင် (Ting Rawng) စတဲ့ တပ်စခန်းတွေနဲ့အတူ ဒီကနေ့ သိမ်းပိုက်တဲ့ စခန်းနှစ်ခုပေါင်းရင် စခန်းပေါင်း ၁၀ ခုရှိပြီ ဖြစ်ပါတယ်။