စစ်ကောင်စီတပ်က အောင်မြေ (၁) စခန်းကို ပြန်တိုက်နေတဲ့အတွက် အောင်မြေ (၂) မှာ ပြည်သူတွေပိတ်မိနေ၊ မြစ်ကြီးနား USDP ပါတီ ရုံးဝင်းထဲကနေ လက်နက်ကြီးတွေ ပစ်ကူနေ
11 March 2024 – Kachinwaves
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က KIA ပူးပေါင်းအဖွဲ့သိမ်းပိုက်ထားတဲ့ အောင်မြေ (၁) စခန်းကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ အလွန်အကျွံအင်အားသုံး တိုက်ခိုက်နေတယ်လို့ သိထားရပါတယ်။
အဲ့ဒီအတွက်ကြောင့် ဝိုင်းမော်မြို့ကနေသွားရင် အောင်မြေ (၁) ကိုကျော်ဖြတ်ပြီးမှ သွားရတဲ့ အောင်မြေ (၂) ကျေးရွာက ပြည်သူတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။
အောင်မြေ ၂ ကျေးရွာဘက်မှာ ပိတ်မိပြည်သူတွေကို ဘာသာရေးခေါင်းဆောင်တွေနဲ့ ရပ်မိရပ်ဖအဖွဲ့အစည်းတွေက တိုက်ပွဲကိုခေတ္တရပ်ပေးဖို့ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေကို တောင်းဆိုထားပေမယ့်၊ ဒီကနေ့ မွန်းလွဲပိုင်းကစပြီး စစ်တပ်ဘက်က လေကြောင်း၊ လက်နက်ကြီးနဲ့ အောင်မြေ (၁) ကျေးရွာဘက်မှာ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ KPDF နဲ့ နီးစပ်သူတစ်ဦးထံက သိရပါတယ်။
“သူတို့ (KIA ပူးပေါင်းအဖွဲ့) ဘက်က အောင်မြေ (၁) ကို သိမ်းထားပြီးပြီ။ စစ်တပ်က ပြန်လည်ရရှိဖို့ တကျော့ပြန် ကြိုးစားလာတာ။”
တိုက်ပွဲတွင်းရဟတ်ယာဉ်နဲ့ ဗုံးအလုံး ၂၀ ထက်မနည်း ပစ်ချတိုက်ခိုက်ခဲ့သလို မြစ်ကြီးနားကနေ တွဲဒုံးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။
မြစ်ကြီးနား လေတပ်အနီးနေထိုင်တဲ့ အရပ်သားတစ်ဦးက မွန်းလွဲ ၃ နာရီခွဲလောက်ကစပြီး ရဟတ်ယာဉ်တစ်စင်း မြစ်ကြီးနားလေတပ်က ပျံထွက်သွားပြီးနောက် လက်နက်ကြီး ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာတယ်လို့ ဆိုပါတယ်။
“ဟတ်စကီး တစ်စီးပျံသွားပြီးတော့ ထုတာပဲ။ တော်တော်နီးသလိုပဲ အကျယ်ကြီးပဲ သုံးချက်၊ လေးချက်လောက် ဆက်တိုက်ပစ်တာ။ ဘယ်ကိုပစ်လို့ ပစ်မှန်းမသိ။”
စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်မှာရှိတဲ့ ပြည်ခိုင်ဖြိုး (USDP) ပါတီ ရုံးဝင်းထဲကနေ လက်နက်ကြီးတွေ ပစ်နေတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အောင်မြေ (၂) မှာ ပိတ်မိပြည်သူတွေဟာ ဝိုင်းမော်ဘက်ကို စစ်ရှောင်လို့မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ပိတ်မိနေတဲ့ ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ကျေးရွာက ဒေသခံပြည်သူတွေဟာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ပြတ်လပ်နေတဲ့ အနေအထားနဲ့ ကြုံနေရတယ်လို့ သိရှိရပါတယ်။