မုံရွာမြို့တွင် တစ်ရက်တည်း ရွာ ၃ ရွာဆက်တိုက် မီးရှို့ခံရ
11 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်များက တစ်ရက်အတွင်း ရွာ (၃) ရွာကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ယနေ့ မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲလောက်မှ ရွှေပေါက်တောရွာအား စတင်မီးရှို့ခဲ့ပြီး တဆက်တည်းမှာပဲ ၉ နာရီအချိန်ခန့်နှင့် ၉ နာရီခွဲအချိန်တွင် မန်ကျည်းကုန်းရွာနှင့် ယင်းပန်းရွာအား ထပ်မံမီးရှို့ခဲ့ကြောင်း သိရသည်။
“ကျွန်နော့်အိမ်လည်းပါသွားပြီ ရွာတွေက တန်းရက်ပဲဆိုတော့ အနောက်ကနေ ထွက်ပြီးရှို့သွားတာ။”ဟု နေအိမ်မီးရှို့ခံရသော ဒေသခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်များမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ထဲ မဝင်သေးပဲ ၎င်းနှင့် ၂ မိုင်အကွာရှိ မင်းတဲရွာနှင့် ပလ္လင်ကုန်းရွာတွင် တပ်စွဲနေကာ ကျေးရွာများကို မီးပတ်ရှို့နေကြောင်းလည်း နယ်မြေခံတော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
“သူတို့က(စကစ)တွေက အခုထိ နမခထဲ မဝင်သေးတဲ့အတွက်ကြောင့် နယ်မြေရှင်းလင်းရေးလည်း မလုပ်ရသေးတော့၊ ဘယ်လောက်ပါသွားလည်း မသိရသေးဘူး။ သူတို့(စကစ)တွေက သူတို့ခြံထဲ မဝင်တော့ပဲ အဲ့နှစ်နေရာကို ကာဗာယူပြီး မီးပတ်ရှို့နေတာ။”
စစ်ကောင်စီတပ်များမှာ မတ်လ ၁ ရက်နေ့မှစတင်က အနောက်မြောက်စစ်ဌာနချုပ် (နမခ) နဲ့ ၂ မိုင် ၃ မိုင်ပတ်ခြာလည် ကျေးရွာအား စစ်ကြောင်းထိုးကာ မီးပတ်ရှို့နေသည့်အတွက် ဒေသခံများမှာ အမြဲတမ်းလိုလို ထွက်ပြေးနေခဲ့ရသည်။