မနမှော် ကျောက်စိမ်း လုပ်ကွက်တစ်ခု နွံကန်ပေါက်ကျလာလို့ လူ ၁၀ ဦးကျော် ပျောက်ဆုံးနေ
12 March 2024 – Kachinwaves
ဖားကန့်မြို့နယ်မှာ ဒီမနက် ၄ နာရီလောက်က ကျောက်စိမ်းလုပ်ကွက် ရွှံ့နွံကန်ပေါက်ကျတဲ့အတွက် လူဆယ်ဦးကျော် နွံကန်ထဲနစ်မြုပ်ပျောက်ဆုံးတဲ့ဖြစ်စဉ် ဖြစ်ပွားကြောင်း သိရပါတယ်။
ဆိပ်မူကျေးရွာအုပ်စု၊ မနမှော်က ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုမှာ နွံကန်ပေါက်လာပြီး အလုပ်သမားနဲ့ ဘက်ဖိုး၊ စက်ကိရိယာတွေ နစ်မြုပ်သွားပြီး လောလောဆယ် ရုပ်အလောင်းတစ်လောင်းကိုပဲ ဆယ်ယူထားနိုင်တယ်လို့ ဖြစ်စဉ်မှာပါဝင်ကူညီနေတဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးထံက သိရှိရပါတယ်။
“အလောင်းတစ်လောင်းပဲ ရတယ်။ ကျန်တာက နွံထဲနစ်နေတာဆိုတော့ ဆယ်ဖို့မလွယ်လောက်ဘူး။”
အသက် ၅၀ နှစ်အထက်အရွယ် လူဆယ်ယောက်ကျော်ဟာ နွံကန်ထဲနစ်မြုပ်ပျောက်ဆုံးနေပြီး ကုမ္ပဏီပိုင်ဘက်ဟိုးနဲ့ မြေသယ်ကားဆယ်စီးလည်း နွံနစ်သွားတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရသူတချို့ကို ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားပြီး ကယ်ဆယ်ရေးကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒီနှစ်ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း ဖားကန့်၊ ဆန်ခါကျေးရွာမှာရှိတဲ့ တောက်ပကြယ် လုပ်ကွက်ဟောင်းက နွံကန်ပေါက်ကျတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါအပြင် မနှစ်ကလည်း ကျောက်စိမ်းလုပ်ကွက် နွံကန်ထဲ နစ်မြုပ်သေဆုံးတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပါတယ်။