ဗန်းမော်မြို့အနီး ပတ်ပတ်လည်သို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှုနှင့် နေအိမ်ထိခိုက်ပျက်စီးမှုရှိ
11 March 2024 – Kachinwaves
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးတဝိုက်ကကျေးရွာများတွင် စစ်တပ်ကပစ်ခတ်သည့် လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့၍ အရပ်သားသေဆုံးသည့်ဖြစ်စဉ်နှင့် အရပ်သားနေအိမ်ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့ပေါ်ရှိ ရိုးကြီးရပ်ကွက်နှင့် မြို့သစ်၊ မံဖာနှင့် နှစ်နှစ်ရာဘက်တို့တွင် ယမန်နေ့ မွန်းလွဲပိုင်းက လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့၍ လူနေအိမ်နှင့် ဈေးဆိုင်များ ထိခိုက်ပျက်စီးခဲ့သည်ဟု ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“မနေ့က စုစုပေါင်း ၄ လုံးကျတာ (မြို့နှင့်အနီးတဝိုက်)။ ထုနေတာတော့ ခုထိပဲ။ ဘယ်ကိုထုနေလဲမသိဘူး။”
မတ်လ ၈ ရက်နေ့ကလည်း ဗန်းမော်စစ်တပ်မှ ဗန်းမော်မြို့အနောက်ဘက် မြစ်တဘက်ကမ်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်၍ အသက် ၅၀ နှစ်အရွယ် ဒေါ်ဝင်းချစ် ဆိုသူအမျိုးသမီး လက်နက်ကြီး ထိမှန်သေဆုံးခဲ့သည်။
KIA ပူးပေါင်းတပ်ဖွဲ့၏ စစ်ဆင်ရေးစသည့် မတ် ၇ ရက်နေ့ကစပြီး ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မြို့ပတ်ပတ်လည်သို့ ပစ်ခတ်နေသည်ဟု မြို့နေသူတစ်ဦးက ဆိုသည်။
“လက်နက်ကြီးက တစ်ရက်လုံးပစ်နေတာ။ တစ်ချက်၊ တစ်ချက်ကြားကို နာရီဝက်လောက်တော့ ကြာတယ်။”
KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က မြစ်ကြီးနား – ဗန်းမော် လမ်းကြောတစ်လျှောက် စခန်းသိမ်းစစ်ဆင်ရေး ဆင်နွှဲနေခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲတွင်း လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း အရပ်သားပြည်သူ ထိခိုက်မှုနှင့် အရပ်သားအိုးအိမ် ထိခိုက်ပျက်စီးမှုများရှိနေပြီး စစ်ရှောင်ပြည်သူများလည်း ထပ်တိုးလာသည်။