ဖားကန့် တာမခန် စစ်ကောင်စီစခန်းကုန်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ အပြီးသတ်သိမ်းပိုက်ရရှိ
9 March 2024- Kachinwaves
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခန်မြို့သစ်ရှိ စစ်ကောင်စီတပ်စခန်းကုန်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ မတ်လ ၉ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် အပြီးသတ်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်နှင့် နီးစပ်သူများထံမှ သိရသည်။
”စခန်းကုန်းကိုတော့ ရပြီ။ ည ၈ နာရီအကျော်လောက်က သိမ်းနိုင်ခဲ့တာ။ အခုတော့ နယ်မြေ ရှင်းလင်းရေးတွေ လုပ်နေတယ်။ သူတို့ဘက်က အကျအဆုံးများတယ်။ ထိခိုက်တာတွေရောပဲ။ အတိအကျတော့ အတည်မပြုရသေးဘူး။ ဒီညတော့ သူတို့လေယာဥ်နဲ့ ဗုံးပြန်လာကြဲမလား မသိဘူး။ အဲ့တာတစ်ခုတော့ သတိထားရဦးမယ်။ မြေပြင်မှာတော့ အားလုံးကို ထိန်းချုပ်လိုက်နိုင်ပြီ”ဟု ရှေ့တန်းသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။
တာမခန် စခန်းသိမ်းတိုက်ပွဲသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းမှ စတင်ကာ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှလည်း စခန်းမကျဆုံးရေးအတွက် မြေပြင်မှ လက်နက်ကြီးပစ်ကူများ၊ စစ်ကူစစ်ကြောင်းများအပြင် ဝေဟင်မှ ဗုံးကြဲလေယာဥ်နှင့် တိုက်ခိုက်ရေးလေယာဥ်များ အသုံးပြုကာ သာလွန်အင်အားဖြင့် အပြင်းအထန် ခုခဲ့ခဲ့ကြောင်း သိရသည်။ ၁၂ ရက်ကြာ တာမခန်စခန်းသိမ်း တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များလည်း နှစ်ဆယ်ကျော်ကျဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။