တမူးမြို့တွင် ရွာကင်းစောင့်ရန် ပျူစောထီးတို့ လူစာရင်းကောက်နေသဖြင့် လူငယ်များ အိန္ဒိယနိုင်ငံသို့ တိမ်းရှောင်မှုနှင့် PDF သို့ ဝင်ရောက်မှုများလာ
8 March 2024 – Kachinwaves
စစ်ကိုင်းတိုင်းနှင့် အိန္ဒိယနယ်စပ်ရှိ တမူးမြို့နယ်တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများမှ ရွာကင်းစောင့်ရန် အမည်တပ်ပြီး လူစာရင်းကောက်ယူနေကြောင်း တမူးဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။
စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးမကြာမီ မတ်လဆန်းပိုင်းတွင် တမူးမြို့နှင့် တစ်မိုင်ကျော်သာဝေးသည့် ဟဲဇင်ရွာတွင် ၎င်းရွာပျူစောထီးများက တစ်အိမ်လျှင် တစ်ယောက်နှုန်းဖြင့် ရွာလုံခြုံရေးအတွက် ကင်းစောင့်ရန်ဟု အကြောင်းပြကာ လိုက်လံကောက်ခံနေသည်ဟု ၎င်းဒေသခံရဲဘော်က ပြောပါသည်။
တမူးမြို့ စော်ဘွား (၆) ရပ်ကွက်တွင်လည်း ပျူစောထီးအဖွဲ့ဝင် ဝင်းမော်ဆိုသူ ဦးဆောင်ကာ ကင်းစောင့်ရန် လူစာရင်းကောက်ထားကြောင်းလည်း ပြောပါသည်။
ထိုသို့ စာရင်းလိုက်လံ ကောက်ယူမှုများကြောင့် ဟဲဇင်ရွာမှလူငယ်များနှင့် တမူးဒေသခံတစ်ချို့သညည် တဖက် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသိမ်းရှောင်ကာ အချို့က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းထဲသို့ ဝင်ရောက်လာကြကြောင်းလည်း သိရပါသည်။
“ဟဲဇင်ရွာက အရင်ကတည်းက ကသည်းဗိုလ်တွေနေတာပေါ့။ ကသည်း ပျူမဟုတ်သူတွေ ရွာထဲကနေ ထွက်ခိုင်းတာ ပျူစောထီး အရမ်းပေါတယ်။ စစ်မူထမ်းဥပဒေ ထုတ်ပြီးတဲ့နောက်ပိုင်း နာမည်စာရင်းတွေနဲ့ ဒီလိုစာရင်းတွေ လိုက်ကောက်တော့ တချို့လူငယ်တွေ အိန္ဒိယဘက်ကို ရှောင်တိမ်းသွားကြတယ်။ တမူးမြို့ပေါ်မှာလည်း လူငယ်တွေ စာရင်းလိုက်ကောက်နေလို့ PDF ထဲ ဝင်တဲ့ဟာဝင်၊ တဖက်နိုင်ငံကို ထွက်ပြေးတဲ့ဟာ ထွက်ပြေးပေါ့။” ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းတွင်လည်း ဟဲဇင်းရွာမှ ပျူစောထီးများ ၎င်းရွာအရှေ့ဘက် ကူတို့လေး (ခ) ဒေသအခေါ် ချောင်းဘက်တွင် တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်တာခံရပြီး ပျူစောထီးခေါင်းဆောင် အပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့သေးကြောင်းလည်း ပြောပါသည်။
လက်ရှိအချိန် တမူးမြို့တွင် စစ်ကောင်စီ၊ ပျူစောထီးနှင့် ရှမ်းနီတပ်မတော် (SNA) တို့ အင်အား ၁၀၀၀ ထောင်ကျော်ခန့် ရှိနေကြောင်းလည်း သိရသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် တမူးမြို့နယ် အောင်ဇေယျကျေးရွာမှာမှ စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေးတပ်ဖွဲ့များမှ သိမ်းပိုက်ခဲ့သေးသည်။