ပူတာအိုမြို့မှာ အရပ်သားကားတွေကို ချောဆွဲပြီး ဆွမ်ပရာဘွမ်ဘက် စစ်အင်အားပို့ခိုင်းနေတယ်လို့ ပြော
9 March 2024 – Kachinwaves
ပူတာအိုက အရပ်သား ကျောက်သယ်ကားတွေကို စစ်ကောင်စီတပ်က အဓမ္မချောဆွဲပြီး ဆွမ်ပရာဘွမ်ဘက်သွားတဲ့ စစ်စခန်းတွေကို စစ်အင်အားတွေပို့နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျနော်တို့မှာ ရှောင်လွဲလို့လည်းမရ၊ တိုက်ပွဲကြားမှာ ကားမောင်းခိုင်းနေတယ်။ တစ်ဘက်က တော်လှန်ရေးတပ်တွေ အထင်မြင်လွဲပြီး ကြားကနေကျနော်တို့ပါ ပစ်ခံရမှာ ကြောက်နေရတယ်။”လို့ ပြောပါတယ်။
ချောဆွဲခံရတဲ့ကား ၄ စီးလောက်ရှိတယ်လို့လည်း ပြောပါတယ်။ အခုသတင်းနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
စစ်ကားတွေက လမ်းဝက်ကနေ ဆက်မသွားတော့ဘဲ တောဘက်သွားရတဲ့လမ်းတွေမှာ အရပ်သားကားတွေကို သွားခိုင်းတယ်လို့ ဆိုပါတယ်။
ပူတာအို – မြစ်ကြီးနားလမ်း ဆွမ်ပရာဘွမ်မြို့နယ်မှာ မနေ့ကနေစပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားလာကာ ဆွမ်ပရာဘွမ်နဲ့ မလိယန်ကျေးရွာကြားရှိ ခလရ ၄၆ စစ်ကောင်စီတပ်ရင်းရဲ့ တပ်စခန်းကို KIA တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပေါ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၁၆ ယောက်လည်း လက်နက်နဲ့အတူ KIA ထံဝင်ရောက်လာခဲ့ကြောင်း သိရပါတယ်။