ကျောက္ကဆျာရွာကို စကစ လေကြောင်းတိုက်ခိုက်၍ အရပ်သားသေဆုံးမှုရှိ
8 March 2024 – Kachinwaves
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နှင့် ၅ မိုင်ခန့်အကွာရှိ ကျောက္ကဆျာရွာအား စစ်ကောင်စီတပ်က ယနေ့နံနက် ၁၁ နာရီအချိန်ခန့်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာတစ်စင်းဖြင့် ၂ ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် ကျောက္ကဆျာကျေးရွာရှိ အသက် ၅၀ နှစ်အရွယ် ဦးခွန်ထွန်းမှာ သေဆုံးခဲ့ပြီး နေအိမ် ၆ လုံးထက်မနည်း ပျက်ဆီးခဲ့ကြောင်းလည်း သိရသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်လည်း ဟိုပုံးမြို့နယ် ပန်လျှန်းကျေးရွာနှင့် ဘမ်းယဥ်မြို့နယ် နားခိုက်ကျေးရွာအား စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် ပန်လျှန်းရွာမှ ဘုန်းကြီးကျောင်းမီးလောင်ခဲ့ပြီး နားခိုက်ရွာမှလည်း နေအိမ်များပျက်ဆီးကာ ပြည်သူတစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။