KIO/KIA ဗဟိုဌာနချုပ်အတွက် အရေးပါတဲ့ စကစ စခန်း (၉) ခုကို တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ တုန့်ပြန်နေ
7 March 2024 – Kachinwaves
လိုင်ဇာနဲ့အနီးဆုံး ဖွန်းပျဲန်ဘွမ် စစ်ကောင်စီတပ်စခန်းနဲ့အတူ အခြားတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရပါတယ်။
KIA နဲ့ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်တွေက ကချင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းအများအပြားကို ဒီကနေ့ တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ် မလိယန်တပ်စခန်း၊ အင်လုံခတပ်စခန်း၊ ရှဒန်ပါတပ်စခန်း၊ ခယာဘွမ်တပ်စခန်၊ မိုးမောက်မြို့နယ် ဘွမ်ရဲဘွမ်တပ်စခန်း၊ ဖွန်းပျဲန်ဘွမ်တပ်စခန်း၊ တာပိန်မြစ်တံတားတပ်စခန်း၊ ခလရ ၂၃၇ တပ်ရင်းအနီးက ကာကင်းတပ်စခန်းနဲ့ ဂွယ်ကထောင်ရွာတပ်စခန်းတွေကို တစ်ရက်တည်းမှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်က လေကြောင်းနဲ့ နေလယ်ပိုင်းကနေ ည ၈ နာရီကျော် သတင်းရေးနေတဲ့ အချိန်ထိ ဗုံးကြဲတိုက်ခိုက်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။
ဒီကနေ့ တိုက်ပွဲဖြစ်စဉ်တွေမှာ KIA ကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းလည်း သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြု သိရပါတယ်။