ကနီမြို့အလုံးစုံလက်မလွတ်ရေးအတွက် စစ်ကောင်စီတပ် လေကြောင်းအားကိုးနေရ
7 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကနီမြို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ကနီမြို့လက်မလွတ်ရေးအတွက် စစ်ကောင်စီဘက်မှ လေကြောင်းပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေပြီး စစ်ကူများလည်း ဆက်တိုက်ပို့ပေးနေကြောင်း သိရသည်။
မတ်လ ၁ ရက်နေ့ ညပိုင်းမှစတင်က ယနေ့ တိုက်ပွဲတစ်ပတ်ကြာသည်အထိ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် အကြိမ် ၈၀ နီးပါး ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။
ယမန်နေ့ မတ်လ ၆ ရက်နေ့ နေ့ခင်းတွင် အထက်ကင်းရွာနှင့် မိချောင်းတွင်းရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့ပြီး မိချောင်းတွင်းရွာမှ ပြည်သူတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်းမီဒီယာထံမှ သိရသည်။
ပေါင် ၅၀၀၊ ၃၀၀ ဗုံးများအပြင် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး မြို့သိမ်းနိုင်ပြီဆိုသည့် သတင်းများထွက်ပေါ်နေသော်လည်း အပြည့်အဝ မထိန်းချုပ်နိုင်သေးကြောင်း သိရသည်။
တိုက်ပွဲပြင်းထန်နေစဉ်အတွင်းမှာလည်း အင်အားနည်းနေသည့် စစ်ကောင်စီတပ်များမှာ အင်းမထီးရွာမှ ပျူစောထီးများအား စစ်ကူအနေဖြင့် Mi – 17 ထောက်ပို့လေယာဉ်ဖြင့် ၄ ခေါက်တိတိစစ်ကူလာပို့ပြီး တစ်ခေါက်လျှင် အင်အား ၃၀ ခန့် ပါကြောင်းလည်း သိရသည်။
ဝိုင်းဝန်းပိတ်ဆို့ခံနေရသည့်အတွက် စစ်ကောင်စီတပ်ဘက်မှ စစ်ကူခေါ်နေသည့် ရုပ်သံများလည်း စစ်တပ်လော်ဘီ တယ်လီဂရန်ချန်နယ်များတွင် ပျံ့နှံ့ခဲ့သည်။
လက်ရှိတွင် ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲနေထိုင်သည့် နေရာတော်တော်များများကို တော်လှန်ရေးအင်အားစုဘက်မှ ရရှိထားပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဝင်ပေါက်လိုဖြစ်နေသည့် ကနီမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။