မိုးညှင်း အခြေစိုက် စစ်ကောင်စီတပ်တချို့ ကြောက်လို့ လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆို
6 March 2024 – Kachinwaves
ကချင်ပြည်နယ်၊ မိုးကောင်းနဲ့ မိုးညှင်းဒေသမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်အချို့ကနေ မနေ့ညက လက်နက်ကြီးပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအခြေစိုက် ခလရ ၁၀၅ စစ်တပ်နဲ့ ဆားမှော်ရွာနဲ့ ကညင်မြိုင်ရွာကြားမှာရှိတဲ့ အမှတ် ၃၈၃ နဲ့ ၃၈၄ ခမရ စစ်တပ်ကနေပြီး ဆားမှော်အရှေ့ဘက် တောင်ကြောဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆားမှော်ဒေသခံထံကတစ်ဆင့် သိရှိရပါတယ်။
“အဓိက သူတို့ဦးတည်ပြီးပစ်တာတော့ ဆားမှော်အရှေ့တောင်ပေါ့နော်။ PDF စခန်းရှိတယ်ဆိုပြီး ပစ်ကြတာပေါ့။”
မိုးညှင်းမြို့နယ်ထဲက နန်းမားနဲ့ ဟိုပင်ဘက်ကလည်း မနေ့ညကလက်နက်ကြီး ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားရတယ်လို့ နန်းမားဒေသခံတစ်ဦးထံက သိရပါတယ်။
အဲ့ဒီဒေသတစ်ဝိုက်မှာ လှုပ်ရှားနေတဲ့ KPDF တပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီတွေဟာ သူတို့ကို လာတိုက်မှာကြောက်နေတဲ့အတွက် လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
“အခုအခြေအနေက သူတို့ (စစ်ကောင်စီ) လည်း ကြောက်နေတာ။ လာတိုက်ခံရမှာ စိုးရိမ်နေတာ”
မိုးညှင်း၊ မိုးကောင်းတကြောမှာ ပြီးခဲ့တဲ့ ဖေဖော်လရီလ နောက်ဆုံးအပတ်ကစပြီး စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းတွေ စစ်ကြောင်းထိုး လှုပ်ရှားနေတာဖြစ်ပြီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်ဖွဲ့ကြား ဖေဖော်ဝါရီ ၂၆ ရက်နေ့က မိုးကောင်း၊ ၈ မိုင်ကျေးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးသလို ဟိုပင်မြို့၊ နန့်ရင်းကျေးရွာမှာလည်း ဖေဖော်ဝါရီ ၂၆ ရက်နဲ့ ၂၉ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာတွေ ရှိခဲ့ပါတယ်။