လိုင်ဇာအနီးက စကစ စခန်းကုန်းတွေ တပြိုင်တည်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား သေဆုံးမှုရှိ
7 March 2024 – Kachinwaves
စခန်းကုန်းတွေတပြိုင်တည်း တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး လိုင်ဇာအရပ်သားလူနေအိမ် ရပ်ကွက်ထဲကျရောက်ပြီး ကလေးငယ်အပါအဝင် အရပ်သား ၃ ဦးသေဆုံးတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က KIO ဗဟိုဌာနချုပ်နယ်မြေ လိုင်ဇာမြို့၊ ဝေကျိုင်ရပ်ကွက်ဘက်က လူနေအိမ်တစ်အိမ်ပေါ် လက်နက်ကြီးတစ်လုံးကျ ရောက်ပေါက်ကွဲခဲ့တဲ့အတွက် သားအမိနှစ်ဦး သေဆုံးခဲ့တယ်လို့ ဝေကျိုင်ရပ်ကွက်နေသူတစ်ဦးက ဆိုပါတယ်။
“ကလေးက ခေါင်းဟက်တက်ကွဲရုံတင်မကဘူး ထင်တယ်။ ခေါင်းကိုပတ်တီးနဲ့ စည်းထားတာကို ဓာတ်ပုံရိုက်ထားတာ ခေါင်းအထက်ပိုင်း၊ ခေါင်းတစ်ခြမ်း သုံးပုံ၊ နှစ်ပုံလောက်ပါသွားတာ ဖြစ်နေတယ်။”
မိခင်ဖြစ်သူကတော့ ခန္ဓာကိုယ်အောက်ပိုင်း ပွင့်ထွက်ဒဏ်ရာ၊ သားဖြစ်သူက ခေါင်းဟက်တက်ကွဲ ဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
နောက်ထပ် အရပ်သားအမျိုးသားတစ်ဦးကတော့ မုန်လိုင်ခက်စစ်ရှောင်စခန်းဘက်ကို ဆိုင်ကယ်နဲ့သွားနေစဉ် လမ်းပေါ်မှာ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“နောက်တစ်ယောက်က ကားလမ်းမ ပေါ့နော့။ လိုင်ဇာ၊ ဝေကျိုင်ကနေအထွက် မုန်လိုင်ခက် (ဝေကျိုင်စစ်ရှောင်စခန်း) ကြားမှာလို့ ထင်တယ်။ ရိုက်ပြထားတဲ့ ဓာတ်ပုံမှာပဲမြင်လိုက်တယ်လေ။ ဒါပေမယ့် ကားလမ်းဘေးမှာ ဖြစ်နေတာ။”
သေဆုံးသူတွေဟာ အသက် ၄၀ နှစ်အရွယ် ဦးအေးလှိုင်၊ အသက် ၉ နှစ်သာရှိသေးတဲ့ မောင်ဂွန်ဆန်ဒူနဲ့ သူ့မိခင် အသက် ၄၃ နှစ်ရှိ ဒေါ်လဖိုင်ဂျာအွန် ဖြစ်တယ်လို့ သိရပါတယ်။
လိုင်ဇာ KIO ဌာနချုပ်ဒေသ မြစ်ကြီးနား – ဗန်းမော်လမ်းမ တစ်လျှောက် ကျန်ရှိနေသေးတဲ့ စစ်ကောင်စီစစ်တပ်ကုန်းတွေကို ဒီမနက် ၅ နာရီလောက်ကစပြီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲ စတင်နေတာဖြစ်ပြီး အခုလက်ရှိ စစ်စခန်းအချို့ကို သိမ်းယူရရှိထားတယ်လို့ သိရှိရပါတယ်။
စစ်ကောင်စီဘက်ကလည်း လိုင်ဇာနဲ့ လိုင်ဆင်ဒေသတွေမှာ လေကြောင်းနဲ့လည်း တိုက်ခိုက်နေတယ်လို့ သိရပါတယ်။