နောက်ထပ် စခန်းသိမ်းတိုက်ပွဲတွေနဲ့ တိုက်ပွဲသံတွေ ဆက်ကြားနေရမယ့် ကချင်ပြည်နယ်
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
6 March 2024 – Kachinwaves
နှစ်သစ်ကူးကာလကတည်းကနေ စစ်ရေးလှုပ်ရှားမှုတွေ ပြင်းထန်ခဲ့တဲ့ ကချင်ပြည်နယ်ဟာ ဒုတိယလဖြစ်တဲ့ ဖေဖော်ဝါရီလမှာလည်း စခန်းသိမ်းတိုက်ပွဲသံတွေ ပိုမိုပြင်ထန်းလာတဲ့ စစ်ရေးအခြေအနေတွေကို တွေ့မြင်ရပါတယ်။
ဖေဖော်ဝါရီတစ်လလုံးရဲ့ စစ်ရေးအခြေအနေကိုကြည့်ရင် ကချင်အစပ်ဒေသတွေမှာ တိုက်ပွဲတွေပိုဖြစ်ခဲ့တာကို မြင်ရပါတယ်။ ကချင် – ရှမ်းအစပ် မံစီဒေသမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရတဲ့ စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲနဲ့ ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တဲ့ ပလောင်ဒင်ဆာစခန်းကုန်းသိမ်း တိုက်ပွဲတွေရှိခဲ့ပါတယ်။
ကချင် – စစ်ကိုင်းအစပ် ဖားကန့်ဒေသမှာတော့ ဇန်နဝါရီ ၆ ရက်နေ့ကစတိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ကျမှသိမ်းနိုင်ခဲ့တဲ့ နန့်တိန်းစခန်းသိမ်းတိုက်ပွဲ ရှိခဲ့ပါတယ်။ လကုန်ခါနီး ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစတင်ခဲ့တဲ့ တာမခံစခန်းသိမ်းတိုက်ပွဲကတော့ လက်ရှိအချိန်အထိ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
KIA နဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေပြီး ရက်ရှည်တိုက်ပွဲတွေဆင်နွှဲနေရသလို စစ်ကောင်စီဘက်လည်း သိမ်းပိုက်ခံလိုက်ရတဲ့ စခန်းကုန်းတွေကို ပြန်လည်ရရှိရေးအတွက် စစ်ကြောင်းထိုးလှုပ်ရှားမှုတွေ ရှိနေတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလမှာ မံစီနဲ့ ဖားကန့်မြို့နယ်ဟာ ကချင်ဒေသတွင်းက တိုက်ပွဲဖြစ်ပွားမှု အများဆုံးဒေသနှစ်ခု ဖြစ်ခဲ့ပါတယ်။
ကချင်နဲ့ထိစပ်နေတဲ့ စစ်ကိုင်းဒေသ အင်းတော်၊ ဟုမ္မလင်းဘက်မှာလည်း စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။ KIA နဲ့ စစ်ကိုင်းဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ အင်းတော်မြို့နယ်က မော်လူးမြို့နဲ့ ဟုမ္မလင်းမြို့နယ်က ရွှေပြည်အေးမြို့တွေကို ပြန်လည်သိမ်းပိုက်ဖို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလရဲ့ စစ်ရေးသတင်းစုစည်းချက်ထဲမှာ ထူးခြားချက်တစ်ခုအနေနဲ့ တွေ့ရတာက ရွှေကူမြို့အနောက် ဧရာဝတီ တစ်ဖက်ကမ်းက မြို့လှမြို့စစ်တပ်ကုန်းနဲ့ ကျောက်ကြီးရဲစခန်းတွေကို စစ်ကောင်စီတပ်က စွန့်ခွာသွားတာ ဖြစ်ပါတယ်။ တိုက်ပွဲမဖြစ်ဘဲ စခန်းစွန့်သွားတဲ့ ဒီအခြေအနေဟာ လက်ရှိကချင်ပြည်နယ်ထဲက တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က စစ်အင်အား အကန့်အသတ်ဖြစ်နေတာကို ညွှန်ပြနေတာ ဖြစ်ပါတယ်။
စခန်းစွန့်ခွာသွားတဲ့ တပ်စခန်းတွေဟာ ရွှေကူမြို့အခြေစိုက် စစ်တပ်အတွက် အင်အားဖြည့်တင်းတာတွေကို ပြုလုပ်ခဲ့ပြီးနောက် နောက်ဆက်တွဲအနေနဲ့ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီရက်ပိုင်းအတွင်း ရွှေကူမြို့အနီးတစ်ဝိုက် စစ်ကြောင်းထိုးလာတဲ့အတွက် ရွှေကူ KPDF အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ရှိပါတယ်။ ရွှေကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ စစ်ကောင်စီတပ်ကို စစ်ကြောင်းထိုး လှုပ်ရှားမှုမပြုလုပ်ဖို့ သတိပေး ထုတ်ပြန်ထားပြီး ဆက်လက်လှုပ်ရှားနေမယ်ဆိုရင် ပြင်းထန်စွာတိုက်ခိုက်ခံရမယ်လို့ သတိပေးထားပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ရွှေကူနယ်နဲ့ ထိစပ်နေတဲ့ မံစီမြို့နယ်ထဲမှာလည်း KIA ဘက်က ထိုးစစ်ဆင်လှုပ်ရှားမှုတွေ ပြင်းထန်နေတဲ့အတွက် ရွှေကူရဲ့စစ်ရေး အခြေအနေဟာလည်း စောင့်ကြည့်ရမယ့် အနေအထားမျိုးမှာ ရှိနေပါတယ်။
ဒါတွေအပြင် ဒီဖေဖော်ဝါရီလရဲ့ စစ်ရေးသတင်းစုစည်းချက်တွေကို ပြန်လည်ဆန်းစစ်ကြည့်မယ်ဆိုရင် KIA တပ်မဟာ ၈ နယ်မြေဖြစ်တဲ့ မိုးညှင်းမြို့နယ်ထဲက ဟိုပင်မြို့မှာ စစ်ကောင်စီနဲ့ ရှမ်းနီလက်နက်ကိုင်စစ်ကြောင်းတွေ လှုပ်ရှားမှုပြုနေတဲ့ အချက်ကလည်း သတိပြုစရာပါ။ ဟိုပင်အရှေ့ဘက် နန့်ရင်းရွာဘက်မှာ စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့တွေ ဖေဖော်ဝါရီ တတိယအပတ်ကစပြီး တပ်ထိုင်နေတာဖြစ်ပြီး ၂၆ ရက်နေ့နဲ့ ၂၉ ရက်နေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဟိုပင် KPDF အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။ ခုလက်ရှိလည်း စစ်ကောင်စီစစ်ကြောင်းဟာ နန့်ရင်းဘက်မှာ လှုပ်ရှားနေဆဲဖြစ်တာမို့ စစ်ရေးပဋိပက္ခအချို့ ဆက်လက်ဖြစ်ပွားနိုင်တဲ့ အလားအလာမျိုး ရှိနိုင်သေးတာကို တွေ့မြင်ရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လလုံးရဲ့အခြေအနေကို သုံးသပ်ရင် ကချင်ပြည်နယ်ဒေသနဲ့ အခြားတိုင်းနဲ့ ပြည်နယ်အစပ်တွေဖြစ်တဲ့ မံစီ၊ ရွှေကူ နဲ့ ဖားကန့်မြို့နယ်တွေမှာ KIA ရဲ့ စစ်ရေးလှုပ်ရှားမှုက ဆက်လက် ပြင်းထန်နေဆဲဖြစ်တာကို မြင်တွေ့ရသလို စစ်တပ်ဘက်ကလည်း စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတာကြောင့် စစ်ရေးပိုတင်းမာလာတာကို မြင်ရပါတယ်။
ဒါတွေအပြင် ဖေဖော်ဝါရီလကတည်းက ထိုးစစ်ဆင်နေပြီး လက်ရှိအချိန်ထိ ကျန်နေသေးတဲ့ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နားက စစ်တပ်နဲ့ ဖားကန့်မြို့နယ်ထဲက တာမခံစခန်းကုန်းသိမ်း တိုက်ပွဲတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဆက်လက် ထိုးစစ်ဆင်နေသေးတာကြောင့် မတ်လအတွင်းမှာ အထက်မှာ ဖော်ပြခဲ့တဲ့ မြို့နယ်တွေအပြင် ကချင်ပြည်နယ်ရဲ့ အခြားမြို့နယ်တွေမှာလည်း တိုက်ပွဲသံတွေ ဆက်လက်ကြားလာနိုင်ဖွယ် ရှိပါတယ်။