တိုက်ပွဲတွင်အထိနာသည့် စစ်ကောင်စီတပ်သားများ ကျောက်တန်းရွာကို ဒုတိယအကြိမ် မီးရှိူ့
5 March 2024 – Kachinwaves
ကောလင်းမြို့နယ် ခံသာရွာတွင် သစ်ဖုလတောက်ကုန်းမှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများက ခံသာရွာကိုမီးရှို့ပြီးနောက် ယနေ့ မွန်းလွဲ ၁ နာရီကျော်တွင် ကျောက်တန်းရွာကို ဒုတိယအကြိမ် မီးထပ်ရှို့နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
မတ်လ ၂ ရက်နေ့တွင် ခံသာရွာဘက်သို့ စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်ဘက်က တိုက်ခိုက်ခဲ့ရာ နောက်တစ်နေ့ မတ်လ ၃ ရက်နေ့အထိ တိုက်ပွဲဆက်ဖြစ်ပွားခဲ့၍ စစ်ကောင်စီဘက် အထိနာခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီဘက်မှ တံတားဦးတက် ဂျက်ဖိုက်တာတစ်စင်းဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် လူနေအိမ် ၄ လုံး၊ ကျန်းမာရေးဆေးခန်းတစ်ဆောင်၊ အ.ထ.က စာသင်ကျောင်းဆောင်နှစ်ခု ပျက်စီးခဲ့ပြီး နေအိမ် ၇ လုံးလည်း မီးရှို့သွားခဲ့ကြောင်း သိရသည်။
မတ်လ ၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင်လည်း ခံသာရွာကို ထပ်မံလေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် နေအိမ်အလုံး ၂၀ ခန့် ကျည်ထိမှန် ပျက်စီခဲ့ကြောင်း သိရသည်။
တိုက်ပွဲအား ကောလင်းခရိုင်တပ်ရင်း ၁ နှင့် တော်လှန်ရေးတပ်ပေါင်းစုများမှ လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦးထက်မနည်း သေဆုံးခဲ့ကာ ၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။
“ဒရုန်းနဲ့ချလိုက်တာ သူတို့ဘက်က အသေများတယ်။ အထိခိုက်လည်း များနိုင်ပါတယ်။ ငါးကြီးအိုင်ရွာ သရက်ခြံက စခတွေကလည်း လက်နက်ကြီးနဲ့ပစ်ကူတယ်။”ဟု ရဲဘော်တစ်ဦးက ဆိုသည်။
လက်ရှိ ခံသာရွာဘက်တွင် အထိနာခဲ့သော စစ်ကောင်စီတပ်များဟာ ကျောက်တန်းရွာဘက်သို့ ပြန်ဆုတ်ပြီး ၎င်းရွာကို ဒုတိယအကြိမ် မီးရှို့ခဲ့ခြင်းဖြစ်သည်။