တာမခံစစ်တပ်ကုန်းမှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲဝင်လာပြီး မီးရှို့နေလို့ KIA နဲ့ KPDF တို့က လိုက်လံပစ်ခတ်ခဲ့ရ
4 March 2024 – Kachinwaves
တိုက်ပွဲတွေပြင်းထန်နေတဲ့ တာမခံကျေးရွာမှာ ဒီမနက်က တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး တာမခံနဲ့ ဖားကန့်ကို ဆက်သွယ်ထားတဲ့ လမ်းကြောမှာရှိတဲ့ ကသိုဏ်းတောင်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တာမခံစစ်တပ်ကုန်းမှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီမနက် တာမခံရွာထဲဝင်ပြီး မီးရှို့နေလို့ KIA ပူးပေါင်းအဖွဲ့က လိုက်လံပစ်ခတ်ရာကနေ တိုက်ပွဲပြန်ဖြစ်ခဲ့တယ်လို့ တာမခံရွာကနေ စစ်ရှောင်လာတဲ့ အမျိုးသားတစ်ဦးက ဆိုပါတယ်။
“ဒီမနက်က တာမခံစစ်တပ်ကုန်းမှာ ပိတ်မိနေတဲ့ စစ်ကောင်စီတွေက တာမခံရွာထဲဆင်းပြီး အိမ်မီးလိုက်ရှို့တာ။ အဲ့တာ PDF တွေတွေ့လို့ လိုက်ပစ်တယ်။”
မွန်းလွဲ ၂ နာရီဝန်းကျင်မှာတော့ ဖားကန့်ဘက်ကနေ တာမခံကိုစစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တာမခံ – ဖားကန့်ကြား ကသိုဏ်းတောင်မှာ တိုက်ပွဲဖြစ်နေတာဖြစ်တယ်လို့ KPDF နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
“ကသိုဏ်းတောင် တိုက်ပွဲဖြစ်နေပြီ။ ၂ နာရီလောက်က စဖြစ်တာ။ စစ်ကြောင်းထိုးလာရင်း ဖြစ်တာ”လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ တာမခံစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က စခန်းလက်မလွှတ်ရေးအတွက် လေကြောင်း၊ လက်နက်ကြီးနဲ့ စစ်အင်အားတွေ တိုးချဲ့ပြီးအပြင်းအထန် ခုခံနေတာ ဖြစ်ပါတယ်။
တာမခံစခန်းကုန်းထဲမှာ ပိတ်မိနေတဲ့ စစ်ကောင်စီတွေကို ကယ်ထုတ်ဖို့အတွက် ဟုမ္မလင်းဘက်က စစ်ကြောင်းထိုးလာတဲ့ SNA နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့က တာမခံကျေးရွာကို မီးရှို့ခဲ့တဲ့အတွက် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မီးရှို့ခြင်းအပြင် မနေ့ကနဲ့ ဒီကနေ့ ၂ ရက်ဆက်တိုက် စစ်ကောင်စီဘက်က လေကြောင်းနဲ့ တာမခံကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် တာမခံကျေးရွာရဲ့ ၃ ပုံ ၂ ပုံလောက်ဟာ ပျက်စီးနေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။